မိုးမောက်၊ မံစီဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ခုခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်လာ

By MPM 27 ဩဂုတ်, 2024 👁

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တစ်ခုလုံးအတွက် အရေးပါသည့် ခမရ ၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းအပြင် မြေပြင်စစ်ကြောင်း ၃ ကြောင်းနှင့် စစ်ကြောင်းထိုးတိုက်ခိုက်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ ၂၄ ရက်နေ့က စတင်ပြီး ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုနှင့် မိုးမောက်နှင့် မံစီဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ဩဂုတ်လ ၂၆ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KIA ရှေ့တန်းသတင်းအရင်းတစ်ဦးက ပြောဆိုသည်။

“ဗန်းမော်ဘက်ကနေ စစ်ကြောင်း ၃ ခုလောက်နဲ့ ထိုးစစ်တက်လာတယ်။ ၅ မိုင်နဲ့ ၆ မိုင် နေရာတွေမှာ တိုက်ပွဲပြန်ဖြစ်နေတာ ၂၄ ရက်နေ့ကတည်းက ဟုတ်တယ်။ ဒီကနေ့အထိဆိုရင် ၂ ရက်လောက် ရှိပြီ။ ဗန်းမော်ကနေ မံစီဘက်ကိုထိုးနေလို့ ကောင့်ဂျာယန်မှာလည်း တိုက်ပွဲပြန်ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

မိုးမောက်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ၅ မိုင်နှင့် ၆ မိုင်အထိ ထိုးစစ်ဆင်နေပြီး KIA ပူးပေါင်းတပ်ကလည်း ကျော်တက်လို့မရအောင် တန်ပြန်တိုက်ခိုက်နေသည်ဟု ၎င်းက ပြောဆိုသည်။

အလားတူ မံစီဘက်တွင်လည်း ဗန်းမော်ဘက်ကနေ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ကောင့်ဂျာယန်မရောက်မီ အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးတာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA ပူးပေါင်းတပ်တို့က သိမ်းပိုက်လိုက်ပြီးနောက် ဩဂုတ်လ ၂၀ ရက်နေ့တွင် ကောင့်ဂျာယန်တဝိုက် လုံခြုံရေးယူထားသော စစ်ကောင်စီတပ်၏ ရှေ့တန်းကာကင်းတပ်စခန်း ၂ နေရာကို KIA က ရှင်းလင်းသိမ်းနိုင်ခဲ့သည်။

အဆိုပါရှေ့တန်း ကာကင်းတပ်စခန်းမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီတပ်က ကောင့်ဂျာယန်မရောက်မီ ဖန်းခါးကုန်းအနီးရှိ ခလရ ၄၇ တပ်ရင်းတွင် လာရောက်စုပေါင်းသွားကြောင်း တော်လှန်ရေးအဖွဲ့ဝင်များက ပြောသည်။

လက်ရှိ၌ မံစီမြို့နယ်ထဲ ကျန်ရှိနေသော ခမရ ၆၀၁နှင့် ခမရ ၃၁၉ တပ်စခန်း ၂ ခုကို လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဗန်းမော်မြို့နယ်ထဲက တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက အခုလို ပြောဆိုသည်။

“လောလောဆယ် စစ်တပ်က ကောင့်ဂျာယန်ကိုတော့ မကျော်နိုင်သေးဘူး။ အဓိကတော့ မံစီမြို့ထဲက ၆၀၁ နဲ့ ၃၁၉ က အရေးပါတဲ့တပ်တွေ ဖြစ်တဲ့အတွက် ထိုးစစ်ပြန်ဆင်တာလို့ မြင်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ၎င်းတို့တပ်စခန်းလက်လွတ်ခဲ့ရသည့် မိုးမောက်နှင့် မံစီဘက်ကို စစ်မျက်နှာ ၂ ခု ထိုးစစ်ဆင်တိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ ၂၄ ရက်နေ့ကစပြီး ကုန်းလမ်းနှင့် ထိုးစစ်ဆင်နေသလို လက်ရှိတိုက်ပွဲဖြစ်နေသည့် မိုးမောက်နှင့် မံစီဘက်ကို လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် ဗန်းမော်မြို့ဘက်ကနေ လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ပေးနေတာကြောင့် ဗန်းမော်ဒေသခံများက ထိတ်လန့်စိုးရိမ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

KNG ပေးပို့သည်။