မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပြားတွေကို ပြန်လည်အသုံးပြုလာဟု KNDF ပြောဆို

By MPM 27 ဖေ‌ဖော်ဝါရီ, 2025 👁 3

ရှမ်း-ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ပြားများကို လက်နက်အဖြစ် ပြန်လည်အသုံးပြုလာနေသည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောဆိုသည်။

“မြေပြင်ရဲဘော်တွေရဲ့ ပြောပြချက်အရ အရင်လက္ခဏာတွေ ပြန်ပြီးခံစားနေကြရတယ်။ ခေါင်းမူးတာတွေ အော့အန်တာတွေ လူနုံးသွားတာတွေ ပြန်ဖြစ်တာပေါ့နော်။ အဆိပ်ငွေ့ပြန်ရူရှိုက်မိတာတွေ အဲ့လိုနောက်ဆက်တွဲ အခြေအနေတွေ ရှိတာပေါ့နော်” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ယခုသီတင်းပတ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း လေယာဉ်နှင့် တိုက်ခိုက်မှုဖြစ်စေ ဒရုန်းနှင့်ဖြစ်စေ အဆိပ်ငွေ့ပြားတို့ကို ပစ်ချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု KNDF ရဲဘော်တစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း မိုးဗြဲမြို့ပြင်တွင် အခြေစိုက်ထားသည့် ခမရ (၄၂၂) တပ်က မိုးဗြဲမြို့နှင့် အနီးတဝိုက် ကို ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အက်စ်ဖော့စ် (S-PHOS) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြု ခဲ့သည်ကို တွေ့ရှိရသည်ဟု KNDF ထံက သိရသည်။

“တဖန်ပြန်လည်အသုံးပြုနေတဲ့ အဆိပ်ငွေ့ရဲ့ အမျိုးအစားကိုတော့ မသိရသေးပေမဲ့ ခံစားနေရတဲ့ လက္ခဏာ မှာတော့ မူလအသုံးပြုခဲ့ဖူးတဲ့ S-PHOS (အက်စ်ဖော့စ်) တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေသာ ဖြစ်နိုင်တယ်” တာအယ်စိုးက ဆက်ပြောဆိုသည်။

လက်ရှိ၌ မိုးဗြဲတွင် စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပြင် အဆိပ်ငွေ့ပြား များကိုပါ ပြန်လည်အသုံးပြုနေသည်ကို KNDF တပ်ရင်း(၃) တပ်ရင်းမှူးက ဖေဖော်ဝါရီ ၂၃ ရက် နေ့စွဲနှင့် သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာတွင် ယခုလိုပြောဆိုထားသည်။

“အဆိပ်ငွေ့ ပြန်သုံးတယ်။ လေယာဥ်တွေ ပိုသုံးတယ်။ မြေပြင်မှာအခြေနေ အရမ်းတင်းမာနေတယ်။ မိုးဗြဲကိုလဲ အာရုံစိုက်ကြပါ။ အကောင်းဆုံး ဆက်တိုက်နေမှာမို့ လိုအပ်တာတွေကိုလဲ တူတူပါဝင်ပေးကြပါ။ ကိုယ်ဘာတွေ လုပ်နိုင်လဲ၊ ဒီချိန်မှာ အကောင်းဆုံးပါဝင်ပေးကြပါ” ဟု ဆိုပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ပေါ်က ပြည်သနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သေးတယ်။

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်းကိုဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး၂၈ ရက် နေ့အထိ ၅ ရက်အတွင်း ပြည်သူလူထုတွေအနေနဲ့ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြရန် မိုးဗြဲ PDF နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF ) တပ်ရင်း ၃ တို့ ကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပူးတွဲအသိပေးထုတ်ပြန်ထားသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။