မိုးကုတ်၊ မိုးမိတ်ရှိ TNLA ဦးဆောင်သည့် မြို့အုပ်ချုပ်ရေးအဖွဲ့က အခွန်စတင်ကောက်ခံနေ

By MPM 21 စက်တင်ဘာ, 2024 👁

သျှမ်းပြည်နှင့် မန္တလေးတိုင်းနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA က ဖွဲ့စည်းပေးထားသည့် မြို့အုပ်ချုပ်ရေးအဖွဲ့များမှ အခွန်စတင်ကောက်ခံနေပြီး ရွှေမျှောလုပ်ကွက်များကို တစ်နှစ်စာအတွက် ရွှေ (၁၀) ပိဿာ တောင်းခံနေသည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင် မိုးကုတ်မြို့ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်နိုင်ပြီးနောက် TNLA ဦးဆောင်သည့် မြို့အုပ်ချုပ်ရေးအဖွဲ့ကို အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် မိုးကုတ်နှင့် မိုးမိတ်မြို့တို့တွင် TNLA က ဦးဆောင်ဖွဲ့စည်းပေးခဲ့သည့် မြို့အုပ်ချုပ်ရေးအဖွဲ့များမှ မြို့မိမြို့ဖများကို အစည်းအဝေးခေါ်ယူ၍ အိုးအိမ်ခွန်၊ ယာဉ်ခွန် စသည့် စည်ပင်အခွန်များကို စက်တင်ဘာလမှ စတင်ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေးထားသည်ဟု ဒေသခံများက ပြောသည်။

မိုးမိတ်မြို့ဒေသခံအမျိုးသားတစ်ဦးက “သူတို့က ဆိုင်ကယ်တစ်စီးကို ၅ သောင်းတဲ့။ အိမ်တစ်အိမ်ဆိုရင် နှစ်သိန်းတဲ့ တစ်နှစ်စာပေါ့နော် အဲ့လိုတော့ ကောက်တယ်။ နောက်ပြီး ကွမ်းယာဆိုင်ဖွင့်ရင် သုံးသောင်းခွဲ၊ ကုန်စုံဆိုင်ကတော့ အကြီးအသေးပေါ်မူတည်ပြီးတော့ သုံးသိန်းခွဲကနေစပြီးတော့ ဆယ်သိန်းအထိရှိတယ်။ အရင်လကမှ စာထွက်ပြီးတော့ ပေးရမယ်ဆိုတာ ဒီလကုန်ပေးရမှာ” ဟု ပြောသည်။

အလားတူ မိုးကုတ်နှင့် မိုးမိတ်ရှိ ရွှေမျှောလုပ်ကွက် အားလုံးအတွက် တစ်နှစ်စာ မြေကြီးလုပ်စားခွင့်ဟုဆိုကာ TNLA ဘက်မှ ရွှေ (၁၀) ပိဿာ တောင်းခံနေကြောင်း ရွှေမျှောလုပ်ကိုင်သူများ ပြောဆိုမှုအရ သိရသည်။

“မျှောတွေကတော့ မိုးမိတ်ဆိုရင် မြစ်ဆုံ၊ ရွှေတော၊ ဝဲပေါင်း၊ သစ်ဆိမ့်ကုန်း၊ မိုးဟောက် အဲ့ဒီနယ်တွေအကုန်လုံးကို စုပြီးတော့ ရွှေ (၁၀) ပိဿာ တစ်နှစ်စာ မြေကြီးမှာ လုပ်စားခွင့်ဆိုပြီးမှ အဲ့တာ TNLA က ကောက်တာ။ လုပ်ကွက်ပိုင်ရှင်နဲ့ ခေါင်းဆောင်ခေါ်ပြီးတော့ ရွှေ (၁၀) ပိဿာ တောင်းလိုက်တာ” ဟု မိုးမိတ်မြို့နယ်မှ ရွှေမျှောလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တွင် TNLA က ဖွဲ့စည်းပေးသော မြို့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်စတင် ကောက်ခံနေခြင်းအပြင် ရွှေမျှောလုပ်ကွက်များကို မြေကြီးလုပ်စားခွင့်အဖြစ် ရွှေ (၁၀) ပိဿာ တောင်းခံသည့် ကိစ္စနှင့်ပတ်သက်ပြီး TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှူး လွေးယေဦးထံသို့ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ရွှေမျှောလုပ်ကွက်များအတွက် TNLA ဘက်မှ အခွန်တောင်းခံလာသည့် ရွှေ (၁၀) ပိဿာကို မြစ်ဆုံဘက်တွင် (၅) ပိဿာ၊ ဝဲပေါင်း၊ သစ်ဆိမ့်ကုန်းနှင့် မိုးဟောက်ဘက်တွင် (၅) ပိဿာ ခွဲတမ်းကျပြီး မျှောပိုင်ရှင်တစ်ဦးလျှင် ပျမ်းမျှ ရွှေ (၁၀) ကျပ်သားဝန်းကျင် မျှခံရမည်ဖြစ်ကြောင်း ရွှေမျှောလုပ်ကိုင်သူများက ပြောဆိုသည်။

“မျှောပိုင်ရှင်တစ်ဦးကို ရွှေ တစ်ဆယ်သားကြတယ်၊ မျှလိုက်တာပေါ့။ အဲ့မှာ ဘက်ဖိုးသမားကြတော့ သိန်း ၂၅၀၊ မျှောပိုင်ရှင်မှာ ဘက်ဖိုးရှိလည်း ပြန်ကောက်တယ်။ အလုပ်သမားရှိရင် ဧည့်စာရင်းတိုင်တဲ့ပုံစံမျိုး တစ်ဦးကို တစ်သောင်း၊ တစ်လချင်း အဲ့တာကြတော့၊ မျှောကျင်းထဲမှာ စက်ချထားရင်ပေးရမှာ၊ ဆီမရှိလို့ မမောင်းနိုင်ရင် သူတို့မသိဘူး” ဟု အထက်ပါရွှေမျှောလုပ်ကိုင်သူက ဆက်ပြောသည်။

TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုးကုတ်၊ မိုးမိတ်မြို့နယ်များတွင် ပေးဆောင်ရသည့် အခွန်အခများမှာ ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့နယ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

မိုးကုတ်ဒေသခံအမျိုးသမီးတစ်ဦးက “KIA ထိန်းချုပ်ထားတဲ့ မဘိမ်းကြတော့ TNLA လောက်တော့ မကောက်ဘူး။ မဘိမ်းကြတော့ နည်းတယ်။ မိုးမိတ်အပိုင်ကတော့ ပေးရတဲ့ အခွန်နှုန်းထားများတယ်။ ပြည်သူကတော့ တိုက်ပွဲကြားထဲ အိမ်ဆုံးရှုံးတာရှိတော့ မပေးရရင်တော့ ကောင်းတာပေါ့။ အခွန်စည်းမျဉ်းတွေလည်း ရှုပ်တယ်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့တောင်းတာတွေက မတူဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လတတိယပတ်အတွင်းက မိုးမိတ်နှင့် မဘိမ်းမြို့နယ်အကြားရှိ မြစ်ဆုံကျေးရွာတွင် TNLA တပ်ဖွဲ့၏ အခွန်ကောက်ခံမှုကြောင့် ဒေသခံများ ဆန္ဒပြခဲ့ကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

လက်ရှိတွင် မိုးကုတ်နှင့် မိုးမိတ်မြို့ပေါ် ရပ်ကွက်များအတွင်း TNLA ၏ ရဲတပ်ဖွဲ့များမှ အုပ်ချုပ်မှုအပိုင်း တာဝန်ယူထားပြီး မြို့ဧရိယာအပြင်ဘက်တွင် PDF တပ်ဖွဲ့များက တာဝန်ယူထားကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။