မိုးကုတ်ဗုံးကြဲမှု အရပ်သား ၅ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ

By MPM 11 ဖေ‌ဖော်ဝါရီ, 2025 👁 4

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်လေယာဉ်ဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ နံနက်စောပိုင်း ၁ နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။။

စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိမှန်သေဆုံးသူများသည် အရပ်သားပြည်သူများဖြစ်သည်ဟု ဆိုသည်။

မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက “အခုသေတာက ၅ ယောက်၊ ၅ ယောက်လုံးက ယောက်ကျားလေးတွေပဲ။ ဒဏ်ရာရတာက ၂၀ ပေ့ါ၊ အယောက် ၂၀ ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ထဲမှတော့ အမျိုးသမီးတွေလည်းပါတယ်။ လူကြီးပိုင်းလည်း ပါတယ်။ ဗုံးကြဲခံရတဲ့နေရာ ကျောက်တူးတဲ့လုပ်ကွက်ပေါ့နော်” ဟု ပြောသည်။

မိုးကုတ်မြို့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ထိန်းချုပ်ထားသည့် မြို့ ဖြစ်သည်။

လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာသည် ဒေသတွင်းရှိပြည်သူများ ကျောက်တူးဖော်သည့် လုပ်ကွက် နေရာဖြစ်သောကြောင့် သေဆုံးသူများမှာ ကျောက်တူးသမားများ ဖြစ်နိုင်ကြောင်းနှင့် ထိုလုပ်ကွက်နေရာသည် မိုးကုတ်မြို့အနောက်ဘက်ရှိ ဝင်းထရံကျောက်တူးဖော်ရေးလုပ်ကွက်နေရာဟု ဒေသခံများက ပြောဆိုသည်။

မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက “ဒီနေ့ ကြဲခံရတဲ့နေရာက မိုးကုတ်မြို့မှာဆိုရင်တော့ မြို့အစွန်တော့ နည်း နည်းကျတယ်။ မြို့ထဲရပ်ကွက်တွေနဲ့ ဆိုရင်တော့ ၁၀ မိနစ်လောက်သွားရတယ်။ အဲ့ဘက်မှာမှ ဒီကျောက်တူးတဲ့ ဝင်းထရံ လုပ်ကွက်ပေါ့နော်၊ အဲ့ဒီလုပ်ကွက်ထဲကို ကြဲတာ။ အဲ့ဒီလုပ်ကွက်က ရွာနှစ်ရွာကြားမှာရှိတာ။ သေသွားတဲ့သူတွေအားလုံးက အရပ်သားတွေပဲ။ အိမ်လည်း ၇ လုံးလောက် မီးလောင်ပျက်စီးသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ TNLA တပ်မဟာ ၂ နယ်မြေဟု သတ်မှတ်ထားသည့် မိုးကုတ်မြို့နယ်အတွင်းရှိ ဝင်းထရံကျောက်လုပ်ကွက်နေရအား ဗုံးအလုံး ၂၀ ဝန်းကျင် ကြဲချခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

မိုးကုတ်မြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY- PDF နှင့် ပူးပေါင်းအဖွဲ့များက ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေတွင် တိုက်ခိုက်သိမ်းပိုက် ခဲ့ပြီးနောက် လက်ရှိတွင် PSLF/TNLA က ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသည်။

NMG ပေးပို့သည်။