မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်အတွင်းရှိ တိန်ညိုစစ်ရှောင်စခန်းတစ်ခုလုံး ပျက်စီး

By MPM 17 မေ, 2023 👁

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်ရှိ တိန်ညိုစစ်ဘေးရှောင်စခန်းမှာ စခန်းတစ်ခုလုံးပျက်စီးသွားပြီး တိန်ညိုကျေးရွာအတွင်းတွင်လည်း အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားသည်ဟု သိရသည်။

၎င်းတိန်ညိုစစ်ဘေးရှောင်စခန်းသည် အိမ်ထောင်စု (၇၇၃) စု၊ လူဦးရေ (၂၈၆၄) ဦး ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည်။

အဆိုပါ တိမ်ညိုစစ်ဘေးရှောင်စခန်းသည်၂၀၂၁ ခုနှစ်တွင် မီးဘေးဒဏ်ခံခဲ့ရ၍ ပြန်လည်တည်ဆောက်ထားရသည့် စစ်ရှောင်စခန်းတစ်ခုလည်း ဖြစ်သည်။

လက်ရှိမှာ နေထိုင်စားသောက်ရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရပြီး မနက်ဖြန်တစ်ရက်အတွက်သာ ရိက္ခာကျန်ရှိတော့သဖြင့် အရေးပေါ် သောက်ရေသန့်နှင့် စားနပ်ရိက္ခာများ အဓိကလိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဦးကျော်မြင့်က ပြောသည်။

“ လက်ရှိအဆင်ပြေသလို ရှိတဲ့သူရှိ၊ မရှိတဲ့သူမရှိ ဝေငှပြီးစားနေကြပါတယ်။ ဒီနေ့တစ်ရက်၊ မနက်ဖြန်တစ်ရက်ဆို ရှိတော့မယ်မထင်ပါဘူး။ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။

ယင်းအပြင် တိန်ညိုကျေးရွာအတွင်းမှ နေအိမ်များမှာလည်း ပျက်စီးသွား၍ စစ်ဘေးရှောင်များနှင့်ကျေးရွာသားများမှာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရသည်ဟု သိရသည်။

ထို့ကြောင့် စားဝတ်နေရေးအလွန်အခက်အခဲဖြစ်နေ၍ ကူညီကယ်ဆယ်ရေးအမြန်လုပ်ဆုံး လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု တိန်ညိုကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်မှ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဂွ၊ မာန်အောင်နှင့် တောင်ကုတ်စသည့်မြို့နယ်များတွင် ဘုရား၊စေတီ၊ ကျောင်းဆောင်များအပြင် အများသုံး ဆေးရုံ၊ဆေးခန်းများ၊စာသင်ကျောင်းများ၊ စျေးများနှင့် နေအိမ်ပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုများသည်ကို တွေ့ရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။