မာန်အောင်ကျွန်းအဝင်အထွက် စစ်ကောင်စီပိတ်ဆို့ထားသဖြင့် ဆေးဝါးနှင့်စားနပ်ရိက္ခာရရှိရေး အခက်အခဲဖြစ်နေ

By MPM 28 ဩဂုတ်, 2024 👁

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တစ်ကျွန်းလုံး၏ အဝင်/အထွက်ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများလည်း ပြတ်တောက်နေသည်ဟု ဒေသခံများက ပြောသည်။

ယင်းအပြင် ဆေးရုံများတွင်လည်း သွေးအိတ် (Blood bag) များ ပြတ်လပ်နေ၍ အရေးပေါ်လူနာများ အခက်တွေ့နေရသည်ဟု မာန်အောင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

“ဆေးတွေက ရှားတဲ့အဆင့်တောင် မဟုတ်ဘူး။ လုံးဝပြတ်နေတဲ့ အနေအထားပါ။ ဆေးရုံမှာ ဆေးတွေမရှိတော့ လူနာတွေအတွက် ဒုက္ခရောက်နေကြရတယ်” ဟု အဆိုပါ ကျန်းမာရေးဝန်ထမ်းက ပြောသည်။

ဒေသတွင်း ကုန်စည်စီးဆင်းမှုလည်း ပြတ်တောက်နေတာကြောင့် စားသောက်ကုန်များပြတ်လပ်ကာ ကုန်စျေးနှုန်းများလည်း အဆမတန် မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

မာန်အောင်ဒေသခံအများစုသည် ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြသူများဖြစ်ပြီး ယခုလက်ရှိချိန်၌ ပင်လယ်ပြင်ရှိ စစ်ကောင်စီရေတပ် Navy များကနေ ငါးဖမ်းစက်လှေများကို လက်နက်ငယ်ဖြင့် လှမ်းပစ်ခတ်မှု ရှိနေ၍ ငါးဖမ်းမထွက်ရဲကြဘဲ ကျီးလန့်စာစားနေရသည့်အဖြစ် ရောက်ရှိနေကြရသည်ဟု မာန်အောင်ကျွန်းမှ ငါးဖမ်းသမားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘဲ မာန်အောင်ဒေသခံတွေရဲ့ လွတ်လပ်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတော့ ကြာလာရင် အငတ်ဘေးရောက်တော့မယ်” ဟု ၎င်းက ပြောသည်။

မာန်အောင်ကျွန်းသည် ရေပတ်လည်ဝိုင်းထားသည့် ကျွန်းဖြစ်သည့်အတွက် စစ်ရေးအရ တစုံတရာဖြစ်လာပါက ရေလမ်းကြောင်းအပြင် ပြေးစရာလမ်း တခြားမရှိဘဲ လမ်းပျောက်နေကြရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါသည်။

“စစ်ကောင်စီကလည်း မြို့အဝင်အထွက်ကို ပိတ်ထားတော့ တောင်ကုတ်ဖက်ကို ပြေးဖို့လည်းမရ။ တောင်ကုတ်မှာလည်း စစ်ရေးက တင်းမာနေတယ်။ ရမ်းဗြဲဖက်ကိုလည်း စက်လှေနဲ့ ထွက်ပြေးမယ်ဆိုရင်လည်း နေဗီတွေကရှိနေတယ်” ဟု အဆိုပါ ဒေသခံအမျိုးသမီးက ပြောသည်။

ယင်းအပြင် မာန်အောင်မြို့နယ်မှ ကျေးရွာများတွင် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ စစ်ကြောင်း ထိုးလျက်ရှိပြီး ကျေးရွာများတွင် ညအိပ်ညနေပြုလုပ်နေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြရသည်ကြောင်း သိရသည်။

စစ်ကောင်စီသည် မာန်အောင်မြို့နယ်ကို ရေကြောင်းအရ အရေးပါသည့်မြို့တစ်ခုအဖြစ် သတ်မှတ်ထားကာ စစ်ရေးအရလည်း အခိုင်အမာ ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ စစ်ရေး၊ နိုင်ငံရေး အခြေအနေများကြောင့် မာန်အောင်မြို့ကို ဝင်ရောက်လာမည့် ကုန်စည်များမှာ ပြတ်တောက်သွားနိုင်သည့် အနေအထားနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။

ဒေသတွင်း ကျန်ရှိနေသေးသည့် ကုန်စည်များမှာလည်း အဆမတန်ဈေးနှုန်း မြင့်တက်သွားသဖြင့် ဒေသခံလက်လုပ်လက်စားများမှာ စားဝတ်နေရေး အကျပ်အတည်းများ ရှိလာနေသည်ဟု ဆိုသည်။

မာန်အောင်ကျွန်း၏ အဝင်အထွက်များကို စောင့်ကြည့်ရန် အဓိက အချက်အခြာကျသည့် ခအုန်းမော် ကျေးရွာနှင့် မျှော်တော်ဦး ကျေးရွာတို့အပြင် ရေပြင်နေရာများကို စစ်ကောင်စီတပ်က နေရာရယူ ထားသည့်အတွက် မာန်အောင်သို့ ကုန်စည်စီးဆင်းမှုမှာ ဝင်ရောက်လာနိုင်ရန် ခက်ခဲလှကြောင်း ဒေသခံများက ပြောသည်။

မာန်အောင်ကျွန်းသည် စက်လှေများနှင့် ဝင်ရောက်လာမည်ဆိုပါက မာန်အောင်မြို့ဆိပ်ကမ်းနှင့် ဇရပ်ကုန်းခင် ဆိပ်ကမ်းနှစ်ခုသည် အဓိက ဆိပ်ကမ်းနှစ်ခု ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

နိရဉ္စရာ ပေးပို့သည်။