ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်-၁ ရပ်ကွက်တွင် အငြိမ်းစား စစ်မှူထမ်းဟောင်း ဗိုလ်မှူးတစ်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ဝန်ထမ်းတစ်ဦးဖြစ်သည့် ၎င်း၏ ဇနီးဖြစ်သူတို့ ပစ်ခတ်ခံရကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက “သူတို့လင်မယား ၂ ယောက် ဈေးဝယ်ပြန်လာတာလား ဘာလားတော့ မသိဘူး။ လူကြားထဲ ဝင်ပစ်ပြီး ခဏလေးအတွင်း ပျောက်သွားတာ။ ရဲတွေလာတော့ ဘာအစအနမှတောင် မတွေ့တော့ဘူး” ဟု ပြောသည်။
ဇန္နဝါရီလ ၂၅ ရက်နေ့၊ နံနက် ၈ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် အမှတ် ၁ ရပ်ကွက်ရှိ ၂ လမ်းသွယ်၊ ၂ လမ်း၌ ပစ်ခတ်ခံရပြီးနောက် ထိုနေရာ၌ပင် ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှစ်အရွယ် အငြိမ်းစားဗိုလ်မှူး ဦးကျော်မင်းသန်းနှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် လဝက ဝန်ထမ်း ဒေါ်နော်စောမွန်မြတ် ဖြစ်သည်။
ပစ်ခတ်ခံရစဉ် ခင်ပွန်းဖြစ်သူမှာ ဦးခေါင်း ၂ ချက် ပေါက်ထွက်ဒဏ်ရာခဲ့ပြီး ဇနီးဖြစ်သူမှာ ဦးခေါင်းပေါက်ထွက်ဒဏ်ရာနှင့် ရင်ဘတ်ပေါက်ထွက် ဒဏ်ရာ ရရှိပြီးနောက် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ပစ်ခတ်ခံရပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီလက်အောက်ခံ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် ၎င်းတို့၏ အလောင်းများကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ သယ်ဆောင်သွားသည်ဟု ဆိုသည်။
အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက “သူ့ယောက်ကျားက အငြိမ်းစားလို့ပဲ သိထားတယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတာ ဟုတ်/မဟုတ်တော့ မသိဘူး။ ဒလန်လားဆိုတော့ မပြောတတ်ပါဘူး” ဟု ပြောသည်။
၎င်းတို့ ဇနီးမောင်နှံ ၂ ဦးသည် အငြိမ်းစားဗိုလ်မှူးနှင့် စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းဖြစ်သည်ဟု နီးစပ်သူများထံမှ သိရသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့် စာမျက်နှာများတွင် “အရောင်းအဝယ်လုပ်ကိုင်နေသည့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦးအား အကြမ်းဖက် PDF များမှ ရက်စက်စွာပစ်သတ်” ဟု ဖော်ပြထားသည်။
ရန်ကုန်တိုင်းအတွင်း မြို့ပြပြောက်ကျားစစ်ဆင်ရေးများ ခေတ္တဆိတ်ငြိမ်သွားပြီးနောက် ယခု ဇန္နဝါရီလအတွင်း ပြန်လည်စစ်ရေးဖော်ဆောင်လာသည်ဖြစ်ရာ ဇန္နဝါရီလ ၂၁ ရက်နေ့တွင်လည်း တောင်ဥက္ကလာပမြို့နယ် ၁၄ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို Freelance Attack Force မှ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။
ရန်ကုန်တိုင်းတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များ အဖွဲ့ ခ၂၀ ကျော်ခန့်အထိရှိပြီး ယခုပစ်ခတ်မှုကိုမူ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို ထုတ်ပြန်သေးခြင်းမရှိသေးဘဲ သတင်းနှင့်မီဒီယာ ကွန်ရက်အနေဖြင့် အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
NMG – ပေးပို့သည်။