မန်တုံမြို့ရှိ KIA ရုံးနှင့် ဂိတ်နေရာကို TNLA စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်းမှု အောက်ခြေအရာရှိများကြား ညှိနှိုင်းနေဟုဆို

By MPM 25 ဖေ‌ဖော်ဝါရီ, 2025 👁 4

သျှမ်းပြည်၊ မန်တုံမြို့နယ်ရှိ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ၏ တိုက်နယ်ရုံးနှင့်ဂိတ်နေရာကို TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က ဝင်ရောက်စီးနင်းပြီး နေရာပြောင်းရွှေ့ခိုင်းမှုကို နှစ်ဘက်အောက်ခြေအရာရှိများကြား ညှိနှိုင်းနေသည်ဟု KIA တာဝန်ရှိသူတို့က ပြောသည်။

ဖြစ်စဉ်မှာ မန်တုံမြို့နယ်ရှိ KIA တောင်ပိုင်းတိုင်း၊ လက်အောက်ခံတပ်ရင်းများက လောင်ကျယ်၊ ရောင်ကျိန်းနှင့် မန်ပန် ကျေးရွာတို့တွင် ဖွင့်လှစ်ထားသည့် ဂိတ်များကို ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် TNLA တပ်သားများက လာရောက်ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အလားတူ မန်မောက်ကျေးရွာနှင့် မန်ဖတ်ကျေးရွာရှိ KIA တိုက်နယ်ရုံးများကိုလည်း TNLA ဘက်မှ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာခဲ့ပြီး KIA တပ်ဖွဲ့ဝင်များကို လာရောက်မောင်းထုတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်များအပေါ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “လက်ရှိအနေအထားကတော့ အဲ့ဒီပြဿနာကတော့ မြင်တော့မြင်ပါပြီ။ ကျနော်တို့ အမှတ် (၃၄) တပ်ရင်းက လူကြီးတွေနဲ့ TNLA လူကြီးတွေ ညှိနှိုင်းပြီးမှ အဲ့ဒီကိစ္စက အဆင်တော့ပြေပါပြီ။ အခုပြဿနာဖြစ်နေတဲ့ နေရာတဝိုက်မှာရှိနေတဲ့ ကျနော်တို့ရဲ့ တိုက်နယ်ရုံးတို့၊ မြို့နယ်ရုံးတို့၊ နောက်တပ်ခွဲရုံးတွေ ဂိတ်တွေကိုတော့ မဖွင့်ဖို့၊ ပြောင်းဖို့ TNLA ဘက်ကနေ ပြောတယ်” ဟု ဆိုသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “ရှေ့တန်းက ကျနော်တို့ရဲ့ခရိုင်မှူးတွေ၊ တပ်ရင်းမှူးတွေကတော့ မဆုံးဖြတ်နိုင်ဘူး။ ဒါကတော့ အထက်ကလူကြီးတွေနဲ့ ညှိနှိုင်းမှရမယ်။ အထက်က အမိန့်မရှိရင် အဲ့ဒီက ပြောင်းတာတွေကတော့ ကျနော်တို့မလုပ်နိုင်ပါဘူး၊ လက်မခံနိုင်ဘူးလို့ ပြောထားတယ်တဲ့။ ဆိုတော့ အဲ့ဒီ အထက်ကလူကြီးတွေ၊ တောင်ပိုင်းတိုင်းက လူကြီးတွေနဲ့ ညှိရမယ့်အနေအထားဖြစ်ပါတယ်” ဟု ပြောသည်။

မန်တုံမြို့နယ်ရှိ KIA ရုံး၊ ဂိတ်များကို TNLA တပ်သားများက ဝင်ရောက်စီးနင်းခဲ့ခြင်းနှင့် ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

KIA တောင်ပိုင်းတိုင်း တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄) ၏ ရောင်ကျိန်းရွာနှင့် မန်မောက်ရွာမှ ရုံးနှင့် ဂိတ်သို့ TNLA တပ်သားများ ဝင်ရောက်စီးနင်းခဲ့စဉ် KIA တပ်သားများကို ရိုက်နှက်ကာ လက်နက်ခဲယမ်းများ သိမ်းယူသွားခဲ့သည်ဟု ဒေသခံများ ပြောဆိုမှုများလည်း ရှိနေသည်။

အလားတူ လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သည့် UWSA ၊ KIA နှင့် TNLA တို့ မဟာမိတ်အချင်းချင်းကြား နယ်မြေကိစ္စနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင်အငြင်းပွားမှုကို ပြေလည်အောင် ဖြေရှင်းပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၅ နှစ်ဆန်းကစ၍ ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိ KIA တောင်ပိုင်းတိုင်း တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄) နယ်မြေတွင် KIA ၏ တိုက်နယ်ရုံး ၂ ခု၊ ဂိတ်စခန်း ၄ ခုနှင့် ပြည်သူ့စစ် MHH စခန်းတစ်ခု၊ စုစုပေါင်း (၇) နေရာကို TNLA ဘက်က အင်အားအသုံးပြုကာ သိမ်းယူထားကြောင်း Kachin Sub-State Media တွင် ဖော်ပြထားသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကချင်လူငယ်တစ်ဦးက “အဓိကတော့ ကိုယ်တိုက်နိုင်လို့ နယ်မြေရတယ်ဆိုတာထက် ဒီနယ်မြေရဲ့ မူလပိုင်ရှင်အမှန်က ဘယ်သူလဲ၊ သမိုင်းအစဉ်အဆက် ဘယ်လိုရှိခဲ့လဲဆိုတာ နားလည်ရမယ်။ အဲ့လိုမဟုတ်ဘဲ လက်နက်အားကိုး အနိုင်ကျင့်နေရင် လက်နက်ကိုင်အချင်းချင်း ပြဿနာကနေ မလိုလားအပ်တဲ့ လူမျိုးရေးပြဿနာအထိဖြစ်သွားမယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း နမ့်ခမ်းမြို့ရှိ ရွှေလီကြိုးတံတားကို TNLA နှင့် KIA တို့ကြား နယ်မြေအငြင်းပွားမှုကြောင့် တံတားကို အပြိုင်ပိတ်ထားခဲ့ကြသည်။

ယင်းကာလမတိုင်ခင်ကလည်း ဇန်နဝါရီလအတွင်း KIA နှင့် TNLA တပ်ဖွဲ့ဝင်များသည် မန်တုံမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာ၊ မုံးစီးရွာတို့တွင် နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့စဉ် အောက်ခြေတပ်ဖွဲ့ဝင်များမှ လက်နက်မပါဘဲ လက်သီးချင်းထိုးကာ ဖြေရှင်းခဲ့ကြသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး” အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိလာသည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အချင်းချင်း နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။