တရုတ်နိုင်ငံ၏ BRI စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်သည့် မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်းကို ရွေးချယ်ပြီးဖြစ်သော်လည်း လေ့လာမှုများ ဆောင်ရွက်နေစဉ်အတွင်း လုံခြုံရေး စိတ်မချ၍ စီမံကိန်း လုပ်ငန်းများကို ယာယီရပ်နားထားရကြောင်း အာဏာသိမ်းစစ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြောလိုက်သည်။
ပြီးခဲ့သည့် ဇွန် ၃၀ ရက် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပထမအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် လမ်းကြောင်းအကြမ်းဖျင်းကို ရွေးချယ်ပြီးဖြစ်ပေမဲ့လည်း လေ့လာမှုများ ဆောင်ရွက်နေစဉ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် အချို့ဒေသများတွင် လုံခြုံရေး အခြေအနေ စိတ်ချရမှုမရှိလို့ လုပ်ငန်းတွေကို ယာယီရပ်နားထားရတာ။ လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာတာနဲ့ အမြန်ဆုံး ပြန်လည်ဆောင်ရွက်သွားမယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
ထို့အတူ ယင်းလမ်းကြောင်းရှိ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းမှာ မူဆယ်မှ မန္တလေးအထိ လမ်းကြောင်းလေ့လာမှု ပြီးစီးသွားပြီဖြစ်ပြီး စီမံကိန်းစတင်အကောင်အထည်ဖော်ရန် အသင့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။
ထို့ပြင် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းကို အမြန်ဆုံးအပြီးသတ်နိုင်ရေးအတွက် လိုအပ်သည့် သဘောတူညီချက်များ ရရှိပြီးဖြစ်ကြောင်း ဆိုသည်။
သို့သော်လည်း စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် အဓိကလိုအပ်ချက်မှာ နယ်မြေလုံခြုံ အေးချမ်းရေး ဖြစ်ပြီး နယ်စပ်ဒေသများတွင် လုံခြုံရေးအခြေအနေ ကောင်းမွန်လာသည်နှင့် ချက်ချင်းပြန်လည် စတင်သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
စစ်အစိုးရခေါင်းဆောင် သမ္မတဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ကာလက အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ခရီးသွားခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ယင်းစီမံကိန်းများကို အကောင်အထည်ဖော်ပေးမည်ဟု ကတိပေးခဲ့သည်။
“တရုတ်နဲ့ အိန္ဒိယ စီမံကိန်းအရေးနဲ့ပတ်သက်ရင် အဓိကတော့ ရခိုင်ပြည်ဟာ ထိပ်တန်းရောက်တယ်။ ဒါကြောင့် စစ်အစိုးရဘက်က ဘယ်လိုပဲ စီမံကိန်းကို လုပ်ချင်နေပါစေ။ ရခိုင်မှာက AA ဟာ ဒီဖက်တို အစိုးရဖြစ်နေတာ့ တစ်နည်းနည်းနဲ့ နှစ်ဘက်စလုံးက ချဉ်းကပ်ရမယ်။ ညှိနှိုင်းရမယ့် အခြေအနေ မြင်ရတယ်။ AA ကို ပစ်ထားလို့တော့ ဘာမှလုပ်ရမှာ မဟုတ်ဘူး” ဟု ရခိုင်ပြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံ့မှုများကို စောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။
အခြားတစ်ဖက်တွင်လည်း ရခိုင်ပြည်သည် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်တို့အတွက် နိုင်ငံတကာဆက်ဆံရေး ဂုဏ်သိက္ခာ၊ စစ်ရေး ဂုဏ်သိက္ခာတွင် အရေးပါနေကြောင်း သူက ဆက်ပြောသည်။
ယင်းကြောင့် ဦးမင်းအောင်လှိုင် သမ္မတလုပ်ပြီးနောက် သွားရောက်ခဲ့သည့် အိန္ဒိယ၊ တရုတ် ခရီးစဉ်များတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် လုံခြုံရေးအာမခံချက်ပေး ဆွေးနွေးခဲ့သဖြင့် မြန်မာနိုင်ငံ စစ်မျက်နှာများတွင် စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်များပြင်းထန်လာနိုင်ကြောင်း ISP-Myanmar က သုံးသပ်ထားသည်။
လက်ရှိတွင် စစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းများကို ဆောင်ရွက်နေပြီး၊ အိန္ဒိယနိုင်ငံနှင့်လည်း ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူ ပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး စီမံကိန်းတို့ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုလားနေခြင်းဖြစ်သည်။
ထို့အတူ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အဓိက အခြေခံအဆောက်အအုံ စီမံကိန်းများကို လုံခြုံရေးအခြေအနေ ပြန်လည်ကောင်းမွန်သည်နှင့် အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောခဲ့သည်။
DMG