မင်းဘူးခရိုင်အတွင်း လက်နက်နှင့်ခြိမ်းခြောက်ပြီး ပျူစောထီးများ လူသစ်စုဆောင်းနေ

By MPM 17 ဇန်နဝါရီ, 2024 👁

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းရှိ မြို့များတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက လက်နက်နှင့် ခြိမ်းခြောက်ပြီး လူသစ်စုဆောင်းတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

စကု၊ စလင်းနှင့် ပွင့်ဖြူမြို့နယ်တွေက လက်နက်ရရှိပြီးသား ပျူစောထီးများက လူငယ်များကို မောင်းပြန်သေနတ် ရမယ်၊ လက်နက်ကိုင်ရမယ်၊ အခွင့်အရေးရမယ်ဆိုပြီး မက်လုံးပေး၍ စည်းရုံးနေတယ်လို့ ဒေသခံလူငယ်များက ပြောပါသည်။

“အုပ်ကြီးရဲတပည့်က လာပြောတယ်။ အကျိုးခံစားခွင့်ရမယ် မနစ်နာစေရဘူး လက်နက်လည်း ရမယ်တို့နဲ့ ပူးပေါင်းလိုက်ဆိုပြီး လာပြောတာ။ သူကိုင်ထားတဲ့သေနတ်က တစ်ထောင့်ထိုးပုံစံလေးပဲ” လို့ စည်းရုံးခံရတဲ့ စလင်းမြို့အခြေစိုက် လူငယ်တစ်ဦးက ပြောဆိုသည်။

ပျူစောထီးများက လူငယ်များကို ဇန်နဝါရီလ ပထမပတ်ထဲက စည်းရုံးရေးဆင်းနေတာဖြစ်ပြီး ယခုလို ဒေသခံပြည်သူများကြား ပျံ့နှံ့လာတာက ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဖြစ်တယ်လို့ ဒေသခံများက ပြောသည်။

အခုလိုလူငယ်များကို လက်နက်နှင့် အခွင့်အရေးပေးမယ်ဆိုပြီး စည်းရုံးနေခြင်းက စစ်တပ်အင်အား လျော့နည်းလာမှုနှင့်အတူ စစ်တပ်အပေါ် ပြည်သူများရဲ့သဘောထားကို တွေ့မြင်နိုင်တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

“သူတို့က သေနတ်ပြပြီး ပျူလုပ်ဖို့ခေါ်လေလေ ပြည်သူတွေက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပိုနီးစပ်လေပဲ။ အခုလည်း ရပ်ရွာထဲ ပျူလုပ်ဖို့ စည်းရုံးပေမယ့် ပြေးသူကပြေး၊ ငွေပေးပြီး ငြင်းတဲ့သူတွေက ငြင်းတဲ့အသံတွေ ကြားနေရတယ်” လို့ ၎င်းက ပြောသည်။

ဒါ့အပြင် ပျူစောထီးများသည် ၎င်းတို့ကိုယ်တိုင်ပင် သေနတ်ကောင်းကောင်း မကိုင်ရဘဲ လူငယ်များကို သေနတ်ကိုင်ရမယ်ဆိုပြီး စည်းရုံးတာက ရယ်စရာတရပ်ပင် ဖြစ်တယ်လို့ ဆိုသည်။

အခုလိုစည်းရုံးမှုများ မပြုလုပ်ခင်တည်းက မျိုးချစ်လူငယ်လို့ အမှတ်အသားပါဝင်သည့် လူမျိုးရေးကို ဦးတည်သော စာတွေကို စစ်တပ်နှင့် ပျူစောထီးတွေက ရပ်ရွာတွေထဲ၌ လိုက်လံဖြန့်ဝေတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောသည်။

ယင်းသို့ ဖြန့်ဝေစာများကို ဂန့်ဂေါ၊ သရက်၊ ချောက်နှင့် မကွေးမြို့ပေါ်များတွင် တွေ့ရပြီး ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်များကို ဦးတည်တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့စာတွေ ဖြစ်တယ်ဆိုတာကို တွေ့ရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။