မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် လုံခြုံရေးယူပေးနေသော စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း ၄ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အောက်တိုဘာ ၂၁ ရက်က အင်အား ၂၅ ဦးပါ စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို သရက် – မင်းတုန်းလမ်းပိုင်းပေါ်ရှိ သဖန်းကိုင်းကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မြေပြာတို့၊ တောင်ဘက်တို့၊ သဖန်းကိုင်းတို့ဘက်ကို နောက်တနေ့ သန်းခေါင်စာရင်းကောက်ဖို့ နယ်မြေရှင်းလင်းရေး ဝင်လာတာပါ။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့မိုင်းကွင်းထဲ ဝင်လာတဲ့အတွက် မိုင်းဆွဲလိုက်တာပါ” ဟု သရက်ခရိုင်တပ်ရင်း ၄ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။
ယင်းစစ်ကြောင်းသည် မင်းတုန်းမြို့နယ် ငါးမိုင်လမ်းဘက်မှ ဖောကားအဖြူနှင့် ထွက်လာခဲ့ပြီး ကျောက်ကြီးကျေးရွာ၌ သန်းခေါင်စာရင်းကောက်အပြီး ပြန်အလာတွင် သဖန်းကိုင်းဘက်သို့ နယ်မြေရှင်းလင်းရေးလုပ်ရန် ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည့်အပြင် သေဆုံးဒဏ်ရာရသူများကို ကပစ ၁၂ ဘက်သို့ သယ်ဆောင်သွားကြောင်း သရက်ခရိုင်တပ်ရင်း ၄ ထံမှ သိရသည်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမည်ဟု ကြေညာပြီးနောက် အဆိုပါတိုက်ခိုက်မှုသည် ပထမဦးဆုံး တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ကြောင်း သရက်ခရိုင်တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။
သရက်၊ ကံမနှင့် မင်းတုန်းမြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်နှင့် မြို့အနီးနားနေရာများ၌သာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်သေးပြီး ကျန်ရှိသည့်ကျေးရွာများကို ကောက်ယူနိုင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက အနီးနားမှပြည်သူများကို စစ်ဆေးမှုများလုပ်ဆောင်ခဲ့သော်လည်း ဖမ်းဆီးမှုနှင့် စစ်ကြောင်းထိုးမှုများ မလုပ်ဆောင်သေးကြောင်း သိရသည်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရန် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သတ်မှတ်ထားသော်လည်း နယ်မြေတော်တော်များများတွင် မကောက်ယူနိုင်သေးသည့်အတွက် အောက်တိုဘာလကုန်အထိ သန်းခေါင်စာရင်းကောက်ယူမည်ဟုလည်း ကြေညာထားပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။