ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ် ၁၂ ထဲက ကျေးရွာတစ်ရွာကို ဇူလိုင်လ ၁၇ ရက် ညသန်းခေါင်အချိန်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ၌ ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF- မင်းတပ်က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက် ည ၁၂ နာရီဝန်းကျင်တွင် မင်းတပ်မြို့၊ အနောက်ဘက်ခြမ်းရှိ တိုက်နယ် ၁၂ ထဲက ကျေးရွာ ၁ ရွာကို စစ်ကောင်စီက MIG – 29 ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု CDF- မင်းတပ်နှင့် ဒေသခံများက ပြောဆိုသည်။
မင်းတပ်မြို့ဒေသခံတစ်ဦးက “ တိုက်နယ် ၁၂ တစ်နေရာကို လေကြောင်းကနေ တိုက်ခိုက်သွားတာပါ။ ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်ဆီးသွားပြီးတော့ ပြည်သူတစ်ဦး သေဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိသူတွေရှိတယ်လို့ ကြားတယ်” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် နေအိမ်တချို့လည်း ပျက်စီးသွားကြောင်း ၎င်းတို့က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လလယ်ပိုင်းကလည်း တိုက်နယ် ၁၂ ထဲက အဆိုပါကျေးရွာကိုပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်တချို့ ပျက်စီးမှုများရှိခဲ့ကြောင်း မင်းတပ်မြို့ ဒေသခံထံမှ သိရသည်။
ဇူလိုင် ၁၇ ရက်နေ့ ညနေ ၆ နာရီ မှ ၈ နာရီ အထိလည်း မင်းတပ်အနောက်ခြမ်းရှိ တိုက်နယ် ၂၊ တိုက်နယ် ၃ နှင့် မကွေးတိုင်း၊ ယောဒေသဘက်ကို စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးအပြင် အတွဲလိုက်ပစ် လက်နက်ကြီးများဖြင့် အချက် ၄၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
KMG ပေးပို့သည်။