မင်းတပ်တွင် စစ်ကောင်စီမီးရှိုမှုကြောင့် လူနေအိမ် ၇၀ ကျော် ပျက်စီးဆုံးရှုံး

By MPM 9 အောက်တိုဘာ, 2024 👁

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်ရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်များကို စစ်ကောင်စီတပ်က အကြိမ်ကြိမ်မီးရှိုမှုကြောင့် လူနေအိမ် ၇၀ ကျော်ထိ မီးလောင်ပျက်စီးမှုရှိလာသည်ဟု မြို့ခံတို့ထံမှ သိရသည်။

မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက်၊ မင်းတပ် – မတူပီလမ်းမကြီး တလျှောက်က နေအိမ်များ အများဆုံး မီးရှိုခံခဲ့ရပြီး နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“တပ်က ပြောတယ်။ လူမနေတဲ့အိမ်တွေကို မီးရှို့မယ်၊ ကိုယ့်အိမ်ကိုလာနေကြတော့လို့ အရင်ကတည်းက ပြောတယ်။ သူတို့က ၃၊ ၄ ရက် တကြိမ် ကင်းလှည့်တာ။ လူမရှိတဲ့အိမ် လူရှိတဲ့အိမ် ဘယ်အိမ် အကုန်လုံး မှတ်ထားတာကိုး။ တမြို့လုံးမှာ မီးလောင်တာ ၆၀ ကျော်သွားပြီ။ မီးအလောင်ဆုံးက အနောက်ရပ်ကွက်က ၅၀ ကျော်တယ်။ အိမ်တွေဆိုရင် တိုင်တွေတောင် မကျန်တော့ဘူး၊ အကုန်ကျွမ်းသွားတာ” ဟု အဆိုပါမင်းတပ်မြို့ခံက ပြောသည်။

မင်းတပ်မြို့ပေါ်တွင်အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့ပေါ်ရှိ နေအိမ်များကို ဩဂုတ်လ ၂၂ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့အထိ အနည်းဆုံး ၁၀ ကြိမ်ခန့် မီးရှို့ခဲ့သည်ဟု မြို့ခံများ ပြောဆိုမှုအရ သိရသည်။

အောက်တိုဘာ ၅ ရက်နေ့ကလည်း CDF – မင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မူဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြည်သူနေအိမ်များကို ထပ်မံမီးရှို့ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် မင်းတပ်မြို့အနောက်ရပ်ကွက်တွင် နေအိမ် ၅၀ ကျော်၊ စံပြရပ်ကွက်တွင် နေအိမ် ၉ လုံး၊ အရှေ့ပြင်ရပ်ကွက်တွင် နေအိမ် ၁၃ လုံးတို့ မီးလောင်ပြာကျခဲ့ကြောင်း မင်းတပ်ဒေသခံတို့ထံမှ သိရသည်။

KMG ပေးပို့သည်။