မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ရှိ နေရာများဆီ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများကို အလုံးအရင်းဖြင့် ပို့ဆောင်နေကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။
သြဂုတ် ၃ ရက်တွင် စစ်မှုထမ်းများ အပြည့်တင်ဆောင်လာသည့် ကားအစီး ၂၀ သည် မိတ္ထီလာမြို့မှ မကွေးမြို့ပေါ်သို့ ရောက်ရှိလာခဲ့သည်။
“ စစ်မှုထမ်း သင်တန်းဆင်းတွေလို့ သိရတယ်။ ကားတွေကတော့ မင်းဘူးဘက် ထွက်သွားတယ်။ အဲဒီကနေ ဘယ်သွားမယ်ဆိုတာ မသိရသေးဘူး” ဟု မကွေးဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောသည်။
တစ်စီးလျှင် အယောက် ၃၀ ဝန်းကျင်ပါသော စစ်မှုထမ်းများပါဝင်လာသည့် ကားအစီးရေ ၂၀ ကျော်သည် ညနေ ၅ နာရီ ဝန်းကျင်တွင် ငဖဲဘက်သို့ ရောက်ရှိသွားကြောင်း ဒေသခံများက ပြောသည်။
ငဖဲ-ပဒါန်းအနီးရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းအနီးတွင် မကြာခဏဆိုသလို တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး အာရက္ခတပ်တော် AA နှင့် PDF ပူးပေါင်းတပ်များသည် MPT တာဝါတိုင်ကုန်းကိုလည်း သိမ်းယူထားသည်။
လတ်တလောတွင် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို ရိက္ခာဖြတ်တောက်မှုများရှိနေပြီး ယင်းစခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်းနှင့် စစ်ကောင်စီတပ်သား ၂၀ ကျော်ရှိနေပြီဟု သိရသည်။
သံလွင်တိုင်းမ်