မကွေးတိုင်းတွင် ဖုန်းနှင့် မှတ်ပုံတင်စစ်ဆေးခံရာကနေ အကြောင်းမဲ့ ဖမ်းဆီးခံထားရသည့်လူငယ်များကို ရှေ့တန်းသို့ ချက်ခြင်းစေလွှတ်နေကြောင်း ဒေသခံများက ပြောဆိုသည်။
ထိုသို့ဖမ်းဆီးခံရသည့် လူငယ်များမှာ စစ်မှုထမ်းရန်အတွက် မဲပေါက်ထားသူများ မဟုတ်သလို ၎င်းတို့ကို စစ်သင်တန်းပေးခြင်း မရှိဘဲ ချက်ခြင်းရှေ့တန်းပို့ဆောင်ခြင်း ဖြစ်သည်ဟု မကွေးမြို့ဒေသခံတစ်ဦးက ပြောသည်။
“လမ်းမှာ ဖုန်းစစ်တယ်။ မသင်္ကာတာတွေ့ရင် ဖမ်းတယ်။ သိန်းရာနဲ့ချီတောင်းတယ်။ မပေးနိုင်ရင် တန်းပြီး ရှေ့တန်းလွှတ်တာ” ဟု ၎င်းက ပြောသည်။
မကွေးမြို့ပေါ်ကနေ တောင်တွင်းကြီးဘက်သို့သွားရာမှ ဖမ်းဆီးခံရသည့်လူငယ်တစ်ဦးလည်း ရက်သတ္တပတ် တပတ်မပြည့်ခင်မှာပင် ရခိုင်နှင့် မကွေးအစပ် တနေရာကို ရှေ့တန်းပါသွားကြောင်း အဆိုပါလူငယ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံမှုများပြုလုပ်နေပြီး ည ၈ နာရီကျော် သွားလာပါက အဖမ်းခံရလျှင် ချက်ခြင်း ရှေ့တန်းပို့မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံတို့က ပြောဆိုသည်။
စလင်းမြို့နယ်တွင် စစ်ကောင်စီက နေအိမ်ထဲအထိပါ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်းနှင့် ငွေကျပ် သိန်း ၅၀ နှင့်အထက်ပေးမှသာ ပြန်လည်လွတ်မြောက်လာသူများ ရှိနေပြီး ငွေမပေးနိုင်သူများက စစ်မှုထမ်း ပါသွားသူကြများလည်းရှိကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
မကွေးတိုင်းတွင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် (၁) အတွက် မဲနှိုက်ရွေးချယ်ခဲ့ပြီး စစ်မှုထမ်းမဲပေါက်သူများအတွက်ဟုဆိုကာ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုတစ်ခုလျှင် ကျပ် ၂၀,၀၀၀ ကောက်ခံခဲ့သည်ဟု ဆိုသည်။
စစ်မှုထမ်း အပတ်စဉ် (၂) အတွက် မဲနှိုက်ရွေးချယ်မှုများကို မပြုလုပ်ဘဲ စစ်ကောင်စီလက်အောက်ခံများက ရွေးချယ်သူများကိုသာ စစ်မှုထမ်းအဖြစ် ပို့ဆောင်မည်ဟုဆိုပြီး ကျေးရွာအလိုက် တစ်အိမ်လျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ အထိ ကောက်ခံမှုမျိုး ပြုလုပ်ခဲ့သည်။
ထို့အပြင် စစ်ကောင်စီလက်အောက်ခံများက ပျူစောထီးများကို စစ်မှုထမ်းရန်အတွက် ခေါ်ယူခြင်းမပြုဘဲ လမ်းသွားလမ်းလာ လူငယ်များကိုသာ အကြောင်းပြချက်မျိုးစုံပေးကာ ဖမ်းဆီးပြီး စစ်မှုထမ်းရန် စေလွှတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။