ဘောလခဲ ရေကျော်တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ချေမှုန်းနိုင်

By MPM 9 ဩဂုတ်, 2024 👁 3

ကရင်နီ (ကယား) ပြည်၊ ဘောလခဲခရိုင်အတွင်းက စစ်ကောင်စီ၏ ရေကျော်တပ်စခန်းကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုများက ဩဂုတ်လ ၈ ရက်နေ့တွင် သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကျော်တပ်စခန်းကို သိမ်းပိုက်နိုင်ရန် ပြီးခဲ့သည့် ဇွန်လအတွင်းက မယ့်စလောင်းတောင်စခန်း သိမ်းပိုက် နိုင်ခဲ့ပြီးကတည်းက ကြိုးစားဆောင်ရွက်ခဲ့သည်ဟု ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅) တပ်ရင်းမှူး ခွန်းပလော်ရီက ပြောဆိုသည်။

“ဒီမယ့်စလောင်းနဲ့ ဘောလခဲအကြား ရေကျော်မှာနော် ဒီမနက် ၇ နာရီ ၅၀ မှာ စဖြစ်တယ်။ ကျနော်တို့ ဒီ မယ့်စလောင်းမှာ သိမ်းပြီးတော့မှ ဒီရေကျော်မှာ ပြန်နားနေတယ်လေ။ ဒီရေကျော်မှာ သူတို့ (စစ်ကောင်စီ) စခန်းချဖို့ အဲဒါစီစဥ်တာပေါ့နော် ပြန်နေတယ်။ အဲ့ဒါ ဒီမနက် ကျနော်တို့ သွားချေမှုန်းလိုက်တယ်” ဟု ခွန်းပလော်ရီက ဆိုသည်။

ဘောလခဲ ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ရေးအရအရေးပါသည့် မယ့်စလောင်းတပ်စခန်းကို ပြီးခဲ့သော ဇွန်လ ၂၅ ရက်နေ့၌ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မယ့်စလောင်းတောင်စခန်းက စစ်ကောင်စီတပ်အင်အားစုက ရေကျော်တပ်စခန်းတွင် အခြေချပြန်လည်နေထိုင်ကြခြင်းဖြစ်သည်။

အဆိုပါစခန်းအောက်တွင် စစ်ကောင်စီ၏ စကခ ၂ လက်အောက်ခံ တပ်ရင်း ခမရ ၅၀၅ ရှိပြီး တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၅ လောင်းအပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ခွန်းပလော်ရီက ပြောဆိုသည်။

ကန္တာရဝတီတိုင်း ( မ် ) – ပေးပို့သည်။