ကရင်ပြည်နယ်၊ ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် DKBA အဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ရရှိထားသည့် တရုတ်နိုင်ငံသားများ လောင်းကစားဝိုင်း တိုးချဲ့လုပ်ကိုင်လာသည့်အပြင် မြို့တွင်းရှိ လုပ်ငန်းတချို့ကိုလည်း နေရာယူလုပ်ကိုင်နေသည်ဟု မြို့ခံများပြောဆိုမှုအရ သိရသည်။
မြဝတီမြို့နယ်ရှိ လောင်းကစားလုပ်ငန်းမှ ထွက်ခွာလာသည့် တရုတ်နိုင်ငံသားတို့သည် ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် ဘုရားသုံးဆူမြို့ဘက်သို့ ပြောင်းရွှေ့ဝင်ရောက်လာကြပြီး ၅ လကြာကာလအတွင်း လူဦးရေ ၃ ထောင်ထက်မနည်း ရှိလာသည်ဟု မြို့ခံများက ပြောသည်။
လက်ရှိ၌ တရုတ်နိုင်ငံသားများသည် မြို့အပြင်ရှိ မြေနေရာလွတ်တွင် လောင်းကစားရုံကြီး တိုးချဲ့ဖွင့်လှစ်ရန် ဆောက်လုပ်နေဆဲဖြစ်ပြီး စားသောက်ဆိုင်နှင့် ကားအရောင်းအဝယ်လုပ်ငန်းတချို့ကိုလည်း ဝင်ရောက်လုပ်ကိုင်လာသည်ဟု မြို့ခံတစ်ဦးက ဆိုသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “တရုတ်တွေ ထပ်လာဖို့ရှိတယ်လို့တောင် ပြောကြတာပဲ။ ဒီရောက်လာတဲ့သူတွေကို အေဝမ် DKBA ဆေးရုံဘက်မှာ နေနေတာတွေလည်းရှိတယ်။ ဒီမြို့ပေါ်မှာက ကျားဖြန့်အပြင် စားသောက်ဆိုင် လေးငါးဆိုင်နဲ့ ကားအရောင်းအဝယ်ဆိုင်တွေ ဖွင့်ထားတယ်။ သူတို့ဖွင့်ထားတဲ့ ကာစီနိုဘေးမှာလည်း စားသောက်ဆိုင် သက်သက်ဖွင့်တာရှိတယ်ဗျ” ဟု အဆိုပါမြို့ခံက ပြောသည်။
ထို့ကြောင့် ဘုရားသုံးဆူမြို့ကို တရုတ်နိုင်ငံသားတို့က လုံးဝစိုးမိုးသွားမည်ကို မြို့ခံတို့က စိုးရိမ်လျှက်ရှိကြသည်ဟု ၎င်းက ပြောဆိုသည်။
စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်နေရာယူလာသည့်အပြင် ထောင်နှင့်ချီသည့် တရုတ်နိုင်ငံသားတို့သည် နေအိမ်ငှားရမ်းခ တိုးမြှင့်ပေးဆောင်နေခြင်းကြောင့် ခရီးသွားများ နေ့စားအလုပ်သမားများအတွက် အိမ်ငှားရမ်းခ စျေးနှုန်းမြင့်တက်သွားသည်ဟုလည်း မြို့တွင်းယာဥ်မောင်းတစ်ဦးက ပြောပါသည်။
“သူတို့ဌားထားတဲ့ အိမ်တွေမှာ star link နဲ့ ကျားဖြန့်ကိုပဲ ထိုင်လုပ်နေတာပေါ့၊ အိမ်ကြီးကြီးတွေဌားပြီး လူ ၁၀/၁၅ ယောက်နဲ့ပေါ့၊ ကွန်ပျူတာရှိရင် လုပ်လို့ရပြီးပေါ့။ အိမ်တွေကို သူတို့ကဌားရင် စျေးများများရတော့ ဌားပေးကြတယ်၊ ဒီမြို့ကိုတော့ အိမ်စျေးဌားခကို အဆမတန်ပေးတယ်။ ၄၀၀၀ ကို ၁၅၀၀၀ ပေးတယ်၊ စီးပွားရေးလုပ်ငန်းရှင်ကကြတော့ သူတို့အတွက်က အဆင်ပြေနိုင်တာပဲလေ၊ ဒီအခြေခံလူတွေကကြ အခန်း၊ အိမ်ဌားဖို့ မတတ်နိုင်တော့ ခက်ခဲကြတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် တရုတ်လောင်းကစားဝိုင်း ပေါ်လာသည့်နောက် ဘုရားသုံးဆူမြို့နေရာအချို့တွင် ည ၁၂ နာရီအထိ သွားလာခွင့်ရှိနေပြီး လောင်းကစားဝိုင်းကြောင့် ရပ်ကွက်သူရပ်ကွက်သားများ စိတ်အနှောက်အယှက်ဖြစ်ဖွယ်များလာသော်လည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့က အပြည့်အဝတာဝန်ယူထားခြင်းကြောင့် တိုင်ကြားမှုတစုံတရာ မပြုလုပ်နိုင်ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ ဘုရားသုံးဆူမြို့အတွင်းရှိ တရုတ်နိုင်ငံသားများသည် DKBA ထံ တစ်ဦးလျှင် ဘတ်ငွေတစ်သောင်း လစဥ် အခွန်ပေးဆောင်နေပြီး ဘုရားသုံးဆူဒေသရှိ မြန်မာစစ်တပ်နှင့် KNU တို့အပြင် အခြားသောလက်နက်ကိုင်အဖွဲ့တို့ ညီတူညီမျှ ခွဲဝေနေကြသည်ဟု မြို့ခံတို့က ပြောဆိုသည်။
ဘုရားသုံးဆူမြို့တွင် ထောင်နှင့်ချီသည့် တရုတ်နိုင်ငံသားများ စတင်ဝင်ရောက်လာပြီးနောက် မြို့နှင့်သက်ဆိုင်သည့် အကြောင်းတစုံတရာထုတ်ပြန်ရာ၌ မြန်မာဘာသာအပြင် တရုတ်ဘာသာဖြင့်ပါ ထုတ်ပြန်လသည်ဟု မြို့ခံများက ပြောသည်။
IMNA ပေးပို့သည်။