ဘုတ်ပြင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံနှစ်ဦးဒဏ်ရာရ

By MPM 12 မတ်, 2025 👁 6

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့ ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ ဘုတ်ပြင်းမြို့နယ် ခဲချောင်း ကျေးရွာကို လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ခဲချောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ခဲချောင်းဆေးခန်း အနီးက နေအိမ်နှစ်လုံး ဗုံးစထိမှန်ကာ ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဗုံးကြဲခံရမှုကြောင့် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ပေါင်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ တောင်ငယ် ကျေးရွာဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်သည် တနင်္သာတိုင်းထဲရှိ အခြားမြို့နယ်များလိုမျိုး တိုက်ပွဲဖြစ်ပွားတာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာ မရှိသလောက် နည်းပါးသည့် မြို့နယ်ဖြစ်သည်။

ပြီးခဲ့သည့် မတ် ၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သားပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။