တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် မေ ၂၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီလေညာတပ်နယ်က လက်နက်ကြီးနှင့် ပစ်ခတ်ရာကနေ တစ်မိုင်ခွဲကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ ကျော်အရွယ်အမျိုးသား၏ ညာဖက်နားရွက် ပြတ်တောက်ဒဏ်ရာအပြင် အခြားထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသားကို ညတွင်းချင်း ပြည်ကြီးမဏ္ဍိုင်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် လေညာတပ်နယ်က ဖြတ်သန်းခွင့်မပြုတာကြောင့် လေညာကျေးရွာမှာ ညအိပ်ခဲ့ရပြီး နောက်တနေ့ မနက်ပိုင်းမှသာ ပြည်ကြီးမဏ္ဍိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေရသည်ဟု ဆိုသည်။
လက်ရှိ၌ ဒေသခံအမျိုးသားမှာ လက်နက်ကြီးထိမှန်ဒဏ်ရာကြောင့် ဦးနှောက်အာရုံကြောထိခိုက်မှုရှိလို့ မြိတ်ပြည်သူ့ဆေးရုံကို လွှဲပြောင်းကုသပေးရန် ဆောင်ရွက်နေသည်ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မေ ၅ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးနှင့် စာသင်ကျောင်းတစ်ဆောင် ထိမှန်ပျက်စီးခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။