ဗြိတိန်အစိုးရက စစ်အုပ်စု တပ်အရာရှိ ၅ ဦးကို အရေးယူဒဏ်ခတ်၊ ရိုဟင်ဂျာများနှင့် ရခိုင်အသိုက်အဝန်းကို ပေါင် ၅ သန်း ကူညီမည်

By MPM 25 နိုဝင်ဘာ, 2026 👁 54

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အမိန့်ချမှတ်ပြီး တပတ်ခန့်အကြာတွင် ဗြိတိန်အစိုးရက စစ်အုပ်စု တပ်အရာရှိ ငါးဦးကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်လိုက်သည်။

အရေးယူမှုနှင့်ပတ်သက်၍ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာများနှင့် ရခိုင်အသိုက်အဝန်းကိုလည်း ပေါင် ၅ သန်း ပံ့ပိုးသွားမည်ဟု ဆိုသည်။

အရေးယူဒဏ်ခတ်ခံရသူများမှာ ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ဗိုလ်ချုပ် ကျော်စွာဦး၊ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ် ကျော်စိုးနှင့် ဗိုလ်ချုပ် မြတ်သက်ဦးတို့ဖြစ်သည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးကလည်း ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုများကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။ တရားမျှတမှုရရှိရန် ၎င်းတို့၏ တောင်းဆိုမှုကို ကျွန်ုပ်တို့ ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ မျက်နှာလွှဲနေမည် မဟုတ်ပါÓ ဟု ပြောကြားခဲ့သည်။

ရိုဟင်ဂျာနှင့် ရခိုင်လူမှုအသိုက်အဝန်း နှစ်ရပ်လုံးမှ လူဦးရေ ၃၅၀,၀၀၀ ခန့်ကို ပံ့ပိုးကူညီရန်အတွက် နောက်ထပ် လူသားချင်းစာနာမှု အကူအညီ ပေါင် ၅ သန်း ထပ်မံပေးအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုအကူအညီအား အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အကာအကွယ်ပေးမှု မြှင့်တင်ရန်၊ မိခင်ကျန်းမာရေး စောင့်ရှောက်မှုကို ပံ့ပိုးရန်၊ အစားအစာနှင့် သန့်ရှင်းသော သောက်သုံးရေ ပေးဝေရန်နှင့် ပြင်းထန်စွာ အာဟာရချို့တဲ့နေသော ကလေးငယ်များကို ကုသပေးရန် အသုံးပြုသွားမည်ဖြစ်သည်ဟု သိရသည်။

ဗြိတိန်နိုင်ငံသည် မြန်မာနိုင်ငံကို တနှစ်လျှင် ပေါင် ၅၅ သန်းကျော် ပေးအပ်ကူညီနေသည့်အပေါ် ယခု ပေါင် ၅ သန်းကို ထပ်မံဖြည့်စွက်လှူဒါန်းခြင်းဖြစ်သည်။

အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံကူညီပေးထားသော ဘင်္ဂလားဒေ့ရှ်အစိုးရနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲခြင်း၊ အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းအပြင် အားလုံးပါဝင်သော နိုင်ငံရေးသဘောတူညီချက်တခု ရရှိစေရန် ဆွေးနွေးညှိနှိုင်းခြင်းလည်း မြန်မာနိုင်ငံတွင် လိုအပ်နေသည်ဟု ဆိုသည်။

မဇ္ဈိမ