ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ဆဲဖြစ်ပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေ

By MPM 26 ဖေ‌ဖော်ဝါရီ, 2025 👁 5

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က ဗန်းမော်ရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ဗန်းမော်မြို့သိမ်းတိုက်ပွဲက ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေသည်ဟု KIO/KIA က ပြောသည်။

ဗန်းမော်ရှိ စစ်ကောင်စီတပ်၏ ခလရ ၂၃၆ တပ်ရင်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ မြေပြင်တွင် တိုက်ပွဲပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းများကိုပါ ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဗိုလ်မှူးကြီးနော်ဘူက “ဗန်းမော်ကတော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ခလရ ၂၃၆ တပ်ရင်းစခန်းကို ကျနော်တို့သိမ်းလိုက်ပါပြီ။ အဲဒီနောက်ပိုင်းမှာလည်း စကစ ကတော့ လေကြောင်းနဲ့ ဒရုန်း ဆက်တိုက်ကို တိုက်ပွဲကတော့ ပြင်းထန်တဲ့ အခြေအနေမှာရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် KIA နှင့် ပူးပေါင်းအဖွဲ့က အမြောက်တပ် (အမတ-၃၆၆) ဌာနချုပ်ကိုလည်း တိုက်ခိုက်သိမ်းယူထားပြီး ဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက “ဌာနချုပ်ကိုတော့ သိမ်းလိုက်ပြီ ဒါပေမယ့် သူ့ရဲ့တပ်နယ်မြေတွေ အားလုံးကိုတော့ ကျနော်တို့ရှင်းလင်းတဲ့ နေရာမှာတော့ မပြီးသေးပါဘူး” ဟု ပြောသည်။

အမြောက်တပ် (အမတ – ၃၆၆) နှင့် ခလရ ၂၃၆ ကို တိုက်ခိုက်သိမ်းယူပြီးနောက် လက်ရှိတွင် အမှတ် – ၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

“ကျနော်တို့ ဆက်တိုက်နေပါတယ်။ စကခ ၂၁ ဖက်မှာ ကျနော်တို့လည်း ရအောင်ပေါ့နော် ကျနော်တို့ ဆက်တိုက် နေပါတယ်။ လောလောဆယ်ကတော့ တိုက်ပွဲတော့ ပြင်းထန်နေတယ် ဆိုတာလောက်ပဲ ရှိပါသေးတယ်။ ဘာမှ အပြောင်းအလဲတွေတော့ မရှိသေးဘူး” ဟု ၎င်းကဆိုသည်။

ဗန်းမော်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုပြီးတစ်ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သော်လည်း ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်သည့် အနေအထားမျိုး မဟုတ်သေးဘူးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မိုးမောက်မြို့နယ်ထဲက ကျေးရွာများနှင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလုပ်နေသည်ဟု ​ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့၊ နံနက် ၁ နာရီ အချိန်ခန့်တွင်လည်း မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲထဲက ဝက်ငန်းနှင့် နန့်အီကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး ထိမှန်သေဆုံးခဲ့သည်။

အလားတူ စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်ထဲ၌လည်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး ဖေဖော်ဝါရီ လ ၁၂ ရက်နေ့၊ ညသန်းခေါင်အချိန်က KIA တပ်ရင်း (၆) နယ်မြေနှင့် KIA က တိုက်ခိုက်သိမ်းပိုက်ထားသော ကျေးရွာရှိ စစ်ဆေးရေးဂိတ်တို့ကို လေကြောင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်း ရှိနေသည်။

NMG ပေးပို့သည်။