ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက ဖုန်းအသုံးပြုနေကြသည့် ဒေသခံများကို မသင်္ကာဟုဆိုကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗန်းမော်မြို့ပေါ်အတွင်း လှည့်ကင်းပတ်လေ့ရှိပြီး ဒေသခံအများအပြား သွားလာတတ်သည့်နေရာများ၌ ရှောင်တခင်စစ်ဆေးမှုတို့ကို ပြုလုပ်နေကြောင်း ဗန်းမော်ဒေသခံတစ်ဦးက အခုလိုပြောသည်။
“အရင်က အင်တာနက် မဖြတ်ခင်ကတော့ VPN လောက်ပဲစစ်တာ။ အခုက အင်တာနက်ပြတ်သွားတော့ လက်ဖက်ရည်ဆိုင်တွေမှာ ဖုန်းသုံးတာတို့ဆို မသင်္ကာလို့ဆိုပြီး စစ်ဆေးတာမျိုးပေါ့။ တပ်ဘက်ကလူတွေက လက်ဖက်ရည်ဆိုင်တို့ လူများတဲ့နေရာတွေမှာ နေရာဝင်ယူထားတယ်။ စစ်ဆေးခံရတာတွေလည်း များတယ်။ အဓိကစစ်ဆေးတာကတော့ ပုံတွေနဲ့ We Chat တွေကို စစ်တယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က ဖုန်းနှင့်အင်တာနက်လိုင်း မဖြတ်ခင်ကာလများ၌ လူငယ်များနှင့် သက်လတ်ပိုင်းအမျိုးသားများကိုသာ ရှောင်တခင် စစ်ဆေးလေ့ရှိပြီး အင်တာနက် ဖြတ်တောက်ထားပြီးကာလတွင် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်မရွေးကို စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတို့က ပြောသည်။
ထိုသို့ ဗန်းမော်မြို့တွင်း၌ စစ်ဆေးမှု ပြုလုပ်ချိန်တွင်လည်း အရပ်ဝတ်နှင့် လက်နက်ကိုင်ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့်အတူ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ ) များက ပူးပေါင်းပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်တဝှမ်းတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ ၃ လပြည့်ပြီဖြစ်ပြီး ဗန်းမော်မြို့နယ်အတွင်း အော်ရီဒူးအင်တာနက်လိုင်းမှာ တခါတရံ လိုင်းမိတတ်သည်ဟု ဒေသခံတို့က ဆိုသည်။
ဗန်းမော်ဒေသခံတစ်ဦးက “ဆက်သွယ်ရေးကတော့ တော်တော်လေးခက်တာပေါ့။ သူတို့က တမင်တကာကို ဖြတ်ထားတာ။ အော်ရီဒူးဆို လိုင်းပြန်ရရင်တောင် တိုက်ပွဲဖြစ်တဲ့ အခြေနေပေါ်မူတည်ပြီး ဖြတ်တယ်။ လောလောဆယ်တော့ အော်ရီဒူးပြန်ရတယ်။ မနက်ခင်းပိုင်းနဲ့ ညပိုင်းကို အချိန်အကန့်အသတ်နဲ့ ပေးတယ်။ အင်တာနက်ကတော့ လုံးဝမရဘူး” ဟု ပြောသည်။
ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် ကချင်ပြည်မြို့တော် မြစ်ကြီးနားမြို့တွင် အင်တာနက်လိုင်း အသုံးပြုနိုင်ရန် အခကြေးငွေပေးပြီး အသုံးပြုလို့ရသည့်ဆိုင်များ အများအပြားရှိလာပြီ ဖြစ်ပေမဲ့ ဗန်းမော်မြို့ပေါ်တွင် အင်တာနက်အသုံးပြုနိုင်သည့် နေရာများမရှိသေးဘူးဟု ဒေသခံတို့က ပြောပါသည်။
ယခုလို ကချင်ပြည်နယ်တဝှမ်းတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ၃ လကြာ ဖြတ်တောက်ခံရထားရသည့် အခြေနေနှင့်ပတ်သက်ပြီး စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကို မေးမြန်းရန် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါသည်။
KNG ပေးပို့သည်။