ဗန်းမော်မြို့က စင်းခန်းနှင့် ခူးလီကျေးရွာတို့ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၇ ဦးသေဆုံး

By MPM 19 မတ်, 2025 👁 6

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲက စင်းခန်းနှင့် ခူးလီကျေးရွာနှစ်ရွာကို မတ်လ ၁၈ ရက်နေ့တရက်တည်းတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း စင်းခန်းဒေသခံတို့နှင့် နီးစပ်သည့် မြေပြင်သတင်းရင်းမြစ်တို့က ပြောဆိုသည်။

KIA သိမ်းပိုက်နယ်မြေဖြစ်သည့် စင်းခန်းနှင့် ခူးလီကျေးရွာနှစ်ရွာကို မတ်လ ၁၈ ရက်နေ့ နံနက်စောပိုင်း ၁၂ နာရီနှင့် ၁ နာရီဝန်းကျင်ခန့်၌ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် စင်းခန်းကျေးရွာက ဒေသခံ ၆ ဦး သေဆုံးခဲ့ပြီး ခူလီ ကျေးရွာက အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ကို မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ကျေးရွာ ၂ ရွာကို တချိန်တည်းဗုံးကြဲသွားတာကြောင့် အဆိုပါကျေးရွာနှစ်ရွာက အရပ်သား ၇ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စင်းခန်းဒေသခံနှင့်နီးစပ်သူ ပြည်သူတစ်ဦးက ယခုလို ပြောပါသည်။

“ခူးလီကျေးရွာမှာလည်း လေယာဉ်ဗုံးကျတယ်။ လဖိုင်လုဘူဆိုတဲ့ အမျိုးသမီးတစ်ဦးဆုံးသွားတယ်။ စင်းခန်းမှာလည်း ကျတယ်။ အဲ့မှာက အရပ်သားနဲ့ KIA တပ်သားအားလုံး ၆ ဦး သေသွားတယ်။ KIA တပ်သား ၂ ဦး ဟုတ်တယ်။ ကျန်တဲ့ ၄ ယောက်ကတော့ အရပ်သားတွေဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စင်းခန်းကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု KIA တပ်သားနှစ်ဦးဖြစ်သည့် ဒရှီလဆိုင်း၊ အအင်ခွမ်ဆွတ်ထွယ်ကွမ်လီနှင့် ဒေါ်ဝါဝါခိုင်၊ အိုင်ကြောနှင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီးနောက် ခူးလီကျေးရွာတိုက်ခိုက်ခံရမှုမှာ ဒေါ်လဖိုင်လုဘူ ဆိုသူအပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

စင်းခန်းနှင့် ခူးလီကျေးရွာနှစ်ရွာလုံးသည် တိုက်ပွဲနယ်မြေဖြစ်သည့် ဗန်းမော်မြို့နယ်ထဲက ကျေးရွာများဖြစ်သော်လည်း ၂၀၂၄ မတ်လပိုင်းက ထိုဒေသကို KIA သိမ်းပိုက်လိုက်ကတည်းက တိုက်ပွဲများ မရှိတောသည့် ဒေသလည်းဖြစ်သည်။

ယခုလို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် အခြေအနေနှင့်ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလို ပြောသည်။

“စင်းခန်းက လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါတဲ့ကူးလမ်းတံတားတစ်ခုဖြစ်တယ်။ ပြီးရင် စစ်ကောင်စီ တပ်တွေ လက်လွတ်လိုက်ရတဲ့ နေရာလည်းဖြစ်ပါတယ်။ နောက်တိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်နဲ့လည်း နီးတဲ့နေရာ လည်းဖြစ်ပါတယ်။ အဲ့ကြောင့် ဗုံးကြဲတာလို့ပဲ မြင်ပါတယ်။ အဓိက ဗန်းမော်တိုက်ပွဲအတွက် လာပစ်တာလည်း ဖြစ်နိုင်တယ်။ စင်းခန်းတံတားမှာလည်း KIA ဘက်က ပုံမှန်သွားလာနေတဲ့ နေရာလည်းဖြစ်တယ်။ ဒါကြောင့် သတင်းရတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း စင်းခန်းကျေးရွာ စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

စင်းခန်းကျေးရွာသည် ဗန်းမော်မြို့တောင်ဘက်ခြမ်း ၃၆ မိုင်ခန့်အကွာတွင်ရှိပြီး၊ ဒူးလီကျေးရွာသည် ဒေါ့ဖုန်းယန် ကျေးရွာအနီး အနောက်ဘက်ခြမ်းတွင်ရှိပြီး ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

နှစ်လဝန်းကျင်ကြာ မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည်လည်း စစ်ကောင်စီတပ်က ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် နေ့စဉ် လေကြောင်း၊ ဒရုန်းတွေနှင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျှက် ရှိနေသည်။

KNG ပေးပို့သည်။