စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားမှုများနေသည့် တီဘီရောဂါနှင့် ငှက်ဖျားရောဂါ တို့အတွက် ကုသရန်ဆေးဝါးများ လက်ရှိတွင် ရှားပါးပြတ်တောက်မှု ဖြစ်ပေါ်နေသည်ဟု ဒေသခံများနှင့် မြို့နယ်ကျန်းမာရေးဆရာဝန်များက ပြောဆိုသည်။
ဗန်းမောက်မြို့နယ်၊ ကျန်းမာရေးဌာန ရောဂါရှာဖွေရေး ဒုတိယဓာတ်ခွဲမှူး ဦးဇေယျာထွန်းက “ကျွန်တော်တို့ လေ့လာမိသလောက်တော့ တီဘီရောဂါရယ်၊ ငှက်ဖျားရောဂါရယ်၊ ကျွန်တော် ခြုံငုံပြီးလေ့လာလိုက်တဲ့အခါမှာ တီဘီဆေး မရတဲ့လူတွေလည်းရှိတယ်။ ငှက်ဖျားရောဂါ ဖြစ်ပြီးတော့ ငှက်ဖျားဆေး မသောက်ရတဲ့သူတွေလည်းရှိတယ်။ နောက်ပြီးတော့ HIV/AIDS ဖြစ်ပြီးတော့ ART ဆေးလိုမျိုး မရတဲ့သူတွေလည်းရှိတယ်” ဟု ပြောသည်။
ဗန်းမောက်မြို့တွင် ဖြစ်ပွားနေသည့် ငှက်ဖျားရောဂါအမျိုးအစားထဲတွင် လူကိုသေစေနိုင်သည့် ပလစ်တီမိုဒီယမ်နှင့် ဗိုင်းရက်စ်များကို အတွေ့များနေပြီး ရောဂါကုသနိုင်ရန်အတွက် ဆေးဝါးမရှိကြောင်း ၎င်းက ပြောဆိုသည်။
ဗန်းမောက်မြို့ဒေသခံတစ်ဦးက “ငှက်ဖျားကတော့ ဒီဘက်မှာကြမ်းတယ်ပါ့၊ အခုက ဆေးလည်းရှားတယ်။ ခေါင်းကိုက်ဆေးတွေ ဖျားတာနာတာ ပျောက်တဲ့ဆေးတွေပဲရှိတယ်” ဟု ပြောဆိုသည်။
ဗန်းမောက်မြို့တွင် လိုအပ်သည့်ဆေးဝါးများကို စစ်ကိုင်းတိုင်း ကျန်းမာရေးဌာန (မုံရွာ) ကနေ သယ်ယူရပေမယ့် လမ်းကြောင်းတလျှောက် တိုက်ပွဲများကြောင့် ဖြစ်ပွားနေသလို လမ်းပိုင်းအား မကြာခဏပိတ်ပင်ထားမှုကြောင့် ၂၀၂၂ ခုနှစ်ကုန်ကတည်းက ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများအပါအဝင် ဆေးဝါးအများစု ပြတ်တောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်သည် ငှက်ဖျားရောဂါ ကူးစက်မှု အမြင့်ဆုံးစာရင်းထဲတွင် ပါဝင်နေပြီး ၂၀၁၅ ခုနှစ် စတင်ပြီး စစ်ဆေးရာ၌ ၂၀၁၆ ခုနှစ်တွင် ငှက်ဖျားပိုးတွေ့ရှိသူ ၃၀၀၀ ကျော်၊ ၂၀၁၇ ခုနှစ်တွင် ၂၀၀၀ ကျော်၊၂၀၁၈ ခုနှစ်တွင် ၁၇၀၀ ကျော်၊ ၂၀၁၉ ခုနှစ်တွင် ၈၀၀ ကျော်၊ ၂၀၂၀ ခုနှစ်တွင် ၆၀၀ ကျော်နှင့် ၂၀၂၁ ဇွန်လ ၁၀ ရက်နေ့အထိ ငှက်ဖျားပိုး စစ်ဆေးကုသပေးခဲ့ရာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၃၀၀ ကျော်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့၏ စာရင်းအရ သိရသည်။
၂၀၂၂ ခုနှစ်မှ ၂၀၂ ၃ ခုနှစ်တွင် ဗန်းမောက်မြို့နယ်၌ တိုက်ပွဲအခြေအနေများကြောင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့က စာရင်းပြုစုနိုင်ခြင်းမရှိကြောင်း သိရသည်။ ငှက်ဖျားရောဂါကြောင့် ဗန်းမောက်မြို့နယ်အတွင်း သေဆုံးသူများ နှစ်စဉ်ရှိနေဆဲလည်းဖြစ်သည်ဟု သိရသည်။
ယင်းအပြင် တီဘီရောဂါနှင့် အသည်းရောင်အသားဝါ ဘီပိုး ၊ စီပိုး ရောဂါများလည်း လစဉ်ဖြစ်ပွားမှုရှိနေပြီး လူဦးရေ ၁၀၀ စစ်ဆေးရာတွင် လူဦးရေ ၂၅ ဦးမှာ တီဘီ သို့မဟုတ် အသည်းရောင်အသားဝါရောဂါဖြစ်ပွားသည့် လက္ခဏာများတွေ့နေရပြီး ကုသရန်ဆေးဝါး လုံလုံလောက်လောက်မရှိကြောင်း ဦးဇေယျာထွန်းက ပြောဆိုသည်။
ယခုလို ရှားပါးပြတ်တောက်နေသော ဆေးဝါးများကို လာမည့်လအနည်းငယ်အတွင်း ဗန်းမောက်မြို့ ကျန်းမာရေးဌာနများဆီကို သယ်ယူနိုင်မယ့် အစီအစဉ်တရပ်ကိုလည်း ရေးဆွဲနေကြပြီး ကုသပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးဇေယျာထွန်းက ပြောပါသည်။
ရှမ်းနီအသံ ပေးပို့သည်။