စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာ ၄၀ တွင် ပညာရေးဝန်ကြီးဌာနခန့် ဆရာ/ဆရာမ ဦးရေ ဆယ်ဂဏန်းခန့်သာရှိခြင်းကြောင့် ရှမ်းနီဘာသာသင် ဆရာ/ဆရာမများကပါ ကူညီသင်ကြားပေးနေရကြောင်း ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီများထံက သိရသည်။
ထိုသို့ စာသင်ကျောင်းများတွင် ကျောင်းသင်ရိုးညွှန်းတမ်းများကို တွဲဖက်ပြီးသင်ကြားပေးနေရသော်လည်း ပညာရေးဝန်ကြီးဌာနဘက်က တစုံတရာထောက်ပံ့ပေးမှုများ မရှိသည့်အပြင် လစာငွေများလည်း မရရှိကြောင်း ပြောဆိုကြသည်။
“နိုင်ငံတော်ကခန့်ခဲ့တဲ့ ကျောင်းသုံးစာအုပ်ကို သင်ဖို့အတွက် ခန့်ခဲ့တဲ့ ဆရာဆရာမတွေက မလုံလောက်တော့ ကျွန်တော်တို့ မော်ဆွန် (ရှမ်းနီ) ဆရာဆရာမတွေက ကျွန်တော်တို့ တိုင်းရင်းသားစာပေကို ဦးစားပေးပြီး သင်နေရတဲ့အဆင့်လည်း သိပ်မရှိဘူးဗျ ။ ကျောင်းစာတွေကို တွဲပြီးတော့မှ သင်နေရတယ်။ သူတို့မှာတော့ တာဝန်တွေပိနေတာ” ဟု ဗန်းမောက်မြို့အနောက်ခြမ်းတွင် စာသင်ကြားနေသော ရှမ်းနီဆရာတစ်ဦးက ပြောသည်။
ဗန်းမောက်မြို့နယ်အနောက်ခြမ်းက စာသင်ကျောင်းများတွင် သင်ကြားနေသည့် ရှမ်းနီဘာသာသင် ဆရာ/ဆရာမနှင့် Teacher Assistants များသည် ယခုပညာသင်နှစ်အတွင်း ပညာရေးဝန်ကြီးဌာနကနေ လစာငွေ လုံးဝမရရှိကြသေးကြောင်း အဆိုပါ ရှမ်းနီဆရာ၏ ပြောဆိုမှုအရ သိရသည်။
“အခုချိန်ထိ ကျွန်တော်တို့ နိုင်ငံတော်ကပေးတဲ့လစာ တစ်ပြားတစ်ချပ်မှ မရသေးပါဘူးဗျ။ နိုင်ငံတော်က ခန့်ထားတဲ့ ဆရာ/ဆရာမတွေလည်း ရှိတယ်၊ ဦးရေတော့ နည်းတယ်။ TA ဆရာ/ဆရာမတွေက လစာ မရဘူးခင်ဗျာ့။ ဘတ်ဂျက်ရှိလား မရှိလားမသိဘူး” ဟု ၎င်းက ဆက်ပြောသည်။
စစ်ကိုင်းတိုင်းရှိ အစိုးရစာသင်ကျောင်းတွင် တိုင်းရင်းသာဘာသာသင်ကြားနေသော ဆရာဆရာမ ( Language Teacher LT) နှင့် Teacher Assistant (TA) များသည် လစာငွေ လုံလောက်မှု မရှိတာကြောင့် အလုပ်ထွက်သူ ဦးရေ များပြားလာသည်ဟု သျှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ထံက သိရသည်။
စာသင်ကျောင်းတွင် သင်ကြားနေသည့် ဆရာဆရာမဦးရေ နည်းပါးလာမှုကြောင့် ရှမ်းနီလူငယ်များနှင့် ရှမ်းနီဘာသာသင် ဆရာ/ဆရာများက ဝင်ရောက်ကူညီပြီး သင်ကြားပေးနေသည်မှာ ၃ နှစ်နီးပါးရှိပြီဟုလည်း ပြောသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲများကြောင့် ကျေးလက်ဒေသတို့တွင် ဆရာ/ဆရာမလစ်လပ်မှု၊ ကျောင်းပိတ်ထားတာတို့ကြောင့် ကလေးငယ် သိန်းနှင့်ချီ ပညာသင်ခွင့် ဆုံးရှုံးနေဆဲဖြစ်ကြောင်း ပညာရေးဌာန အသိုင်းအဝိုင်းများထံမှ သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။