စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့နယ်စပ်ရှိ ကျေးရွာများမှ ဒေသခံ ၈၀၀ နီးပါးသည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်မှာ ၃ လနီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း နေရပ်ကို မပြန်နိုင်သေးကြောင်း စစ်ရှောင်များက ပြောဆိုသည်။
ဖောင်းပြင်မြို့နယ်ရှိ လွင်ကြီးကျေးရွာ၊ သညစ်ကျေးရွာ ၊ ညောင်ကုန်းကျေးရွာ၊ သယောင်းကျေးရွာများမှ ဒေသခံ ၈၀၀ နီးပါးသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဖောင်းပြင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ပြောသည်။
ဖောင်းပြင်မြို့ပေါ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံတစ်ဦးက “စစ်ပြေးရှောင်ရဲ့ အနေအထားက လွင်ကြီးရယ်၊ ကျွန်တော်တို့ သညစ်ရယ်၊ တခါ နောက်ပြီးတော့မှ ညောင်ကုန်းရယ် လေး၊ငါး၊ရှစ်ရာလောက်တော့ ရှိမှာ။ တချို့လည်း နေရာအနှံ့အပြား ဖောင်းပြင်မှာနှင့် တပ်ပေါ်မှာတွေနေရတာပေါ့၊ လုံခြုံတဲ့နေရာမှာ” လို့ ပြောဆိုသည်။
လက်ရှိတွင် ဖောင်းပြင်မြို့နယ်အတွင်း၌ စစ်ရေးတည်ငြိမ်နေသည့် အခြေအနေရှိသော်လည်း လမ်းပမ်း ဆက်သွယ်ရေး၊ မိုင်းအန္တရာယ်နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနိုင်သည့် အနေအထားများကြောင့် ဒေသခံများ အနေဖြင့် မိမိတို့နေရပ်ပြန်နိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်းလည်း သိရှိရသည်။
စစ်ဘေး စတင် တိမ်းရှောင်စဉ်အချိန်က စစ်ကောင်စီနှင့် မြို့ပေါ်ရှိ သံဃာတော်များက ဝိုင်းဝန်းထောက်ပံ့ ခဲ့ကြသော်လည်း လက်ရှိအချိန်၌ စားဝတ်နေရေးအတွက် ကိုယ်တိုင်ဖြေရှင်းရကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။
“ဖောင်းပြင်က ဘုန်းကြီးတွေကလည်း အလှူခံလို့ ထောက်ပံ့ပေးတယ်။ အဲဒီလိုပေါ့။ အခုနောက်ပိုင်းကြတော့ ကိုယ်ဘာသာကိုယ် ရှာကြံပြီးတော့လည်း စားရတာပေါ့” ဟု အဆိုပါ စစ်ရှောင်ဒေသခံက ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်အကြား တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဘေးရှောင်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။