ဖလမ်းမြို့တွင် ဆေးမြစ်ရှာသည့်ချင်းအမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးသေဆုံး

By MPM 19 အောက်တိုဘာ, 2023 👁

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လေးကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦး အောက်တိုဘာ ၁၉ ရက်နေ့ (ယနေ့) မနက် ၈ နာရီခန့်က တောထဲ လပ်ပြာဥဆေးမြစ်ရှာ သွားစဉ် လမ်းဘေးထောင်ထားသည့် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။

“ဆေးပင်ရှာပြီးမှ ဆန်တွေ ဝယ်ရတာဆိုတော့ သွားရှာမယ်ဆိုပြီး ကားလမ်းဘေးကနေ အတက်ပဲ ရှိသေးတယ် စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းနင်းမိလို့ ခြေထောက်တဖက်က ကြေမွသွားတယ်၊ ဘယ်ဘက်ခြေထောက်က ဒူးအောက်က နေပြတ်သွားတာ ပွဲချင်းဆုံးသွားတယ်” ဟု ဆွေးမျိုးတော်စပ်သူအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူမှာ Pi Biak Za Nem ဟု သိရပြီး ဇောင်လေးကျေးရွာနှင့် ၇ မိုင်ဝေးသော Hlan Zawl ကျေးရွာ အဝင်လမ်းတွင် မိုင်းနင်းမိသေဆုံးရကြောင်းနှင့် ၎င်းတွင် သားသမီး ၆ ဦး ကျန်ရစ်ခဲ့သည်ဟု ဆွေးမျိုးတော်စပ်သူ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုမိုင်းနင်းမိလို့ ပေါက်ပွဲမှုဖြစ်ပွားသည့်နေရာအနီးရှိ သူဖေးကျေးရွာထိပ်တွင် တပ်စွဲထားပြီး ၎င်းတို့ထောင်ထားသော မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။

ဇောင်လေးကျေးရွာသည် ဖလမ်းမြို့နှင့် မိုင် ၃၀ နီးပါး ကွာဝေးပြီး အိမ်ခြေ ၄၀ ရှိသည်ဟုဒေသခံများထံမှ သိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်တွင် မြေမြှုပ်မိုင်း နင်းမိမှုကြောင့် ချင်းလူမျိုး ၂၀ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

KMG ပေးပို့သည်။