ကရင်နီ (ကယား) ပြည်၊ ဘောလခဲမြို့ဘက်ကို ဦးတည်သွားနေတဲ့ စစ်ကောင်စီရဲ့ထောက်ပို့ယာဉ်တန်း အစီး ၆၀ ခန့်ဟာ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြားက ထောက်ပို့ယာဉ် ၃ စီး ဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဘောလခဲမြို့ထဲကို ရောက်ရှိသွားတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ်ခူးရီးဒူက ပြောသည်။
“လက်ရှိ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကတော့ သူတို့ထွက်နိုင်အောင် ကြိုးစားနေတယ်။ မနေ့ညမှာပဲ စစ်ကောင်စီယာဉ်တန်းထဲမှာမှ ၃ စီး ဘောလခဲဘက် ရောက်သွားပြီဖြစ်တယ်” လို့ စစ်ရေးချုပ် ခူးရီးဒူက ပြောပါသည်။
အဆိုပါ စစ်ကောင်စီထောက်ပို့ယာဉ်တန်း အစီး ၆၀ ဟာ ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ထဲက တပ်တွေကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ ပို့ဆောင်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး ဖရူဆိုမြို့နယ်ထဲမှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် လိုရာခရီး မရောက်နိုင်သေးဘူးလို့ မြေပြင် သတင်းအချက်အလက်တွေအရ သိရသည်။
ယင်းထောက်ပို့ယာဉ်တန်းတွေကို ပို့ဆောင်နိုင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကစပြီး မြေပြင်စစ်ကြောင်း တွေနဲ့ ဖရူဆို –ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတလျောက် ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဖက်တပ်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
တစ်လကျော်ခန့် ကြာမြင့်နေပြီဖြစ်တဲ့ ထောက်ပို့ယာဉ်တန်းပို့ဆောင်မှုမှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုအပေါ် မူတည်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သလို ယာဉ်တန်းတွေကိုလည်း ဖြတ်တောက်နိုင်အောင် လုပ်ဆောင်နေတယ်လို့ ကရင်နီတပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါသည်။
“ကျနော်တို့ကလည်း သူတို့လှုပ်ရှားမှုအပေါ်မှာ ကြည့်ပြီးတော့မှ မလုပ်နိုင်အောင် ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ဖို့က တာဝန်ရှိတယ်လေ။ ဒါကိုတော့ လုပ်လည်းလုပ်နေပါတယ်” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
ဘောလခဲကို ဦးတည်လာသည့် ထောက်ပို့စစ်ယာဉ်တန်းကတော့ စစ်ကောင်စီတို့အတွက် အရေးကြီးတဲ့ခရီးစဉ်ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့အနေနဲ့လည်း ယာဉ်တန်းကို ဖြတ်တောက်နိုင်လုပ်ဆောင်နေတယ်လို့ ဆိုသည်။
KNDF စစ်ရေးချုပ်ခူးရီးဒူက “သူတို့ သတ်မှတ်ထားတဲ့နေရာကို ရောက်ရှိသွားမယ်ဆိုလို့ရှိရင်တော့ သူတို့ရဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်မယ်။ ကျည်တွေ ဖြည့်တင်းနိုင်မယ်ဆိုလို့ရှိရင် သူတို့ရဲ့ ကာကွယ်ခုခံနိုင်တဲ့ ပုံစံက ပိုပြီးတော့ မြင့်သွားလိမ့်မယ်။ ဒီယာဉ်တန်းကို ကျနော်တို့ ဖျက်ဆီးနိုင်မှပဲ ဖြတ်တောက်နိုင်မှပဲ စစ်ကောင်စီကို ကျနော်တို့တွေက ဘောလခဲတို့ဘက်ဖြစ်ဖြစ်၊ ဖားဆောင်းတို့ဘက်ဖြစ်ဖြစ်၊ မယ်စဲ့တို့မှာဖြစ်ဖြစ် ချေမှုန်းရ ပိုလွယ်ကူနိုင်မယ့်အခြေအနေမှာ ရှိနေပါတယ်” လို့ ပြောဆိုသည်။
ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတလျောက် ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်းကနေ မားခရော်ရှေ့၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော်နဲ့ နန်းဖဲကျေးရွာအထိ စစ်ကောင်စီက စစ်ကြောင်း ၆ ကြောင်းနဲ့ ထိုးစစ်ဆင် လုပ်ဆောင်ခဲ့သည်။
တိုက်ပွဲကြောင့် ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်အကြား ပြည်ထောင်စုလမ်းမကြီးဘေးတလျှောက်က ကျေးရွာ အနည်းဆုံး ၇ ရွာနဲ့ လူဦးရေ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါသည်။
“လက်နက်ကြီးနဲ့ လေယာဉ်ကို စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်ခါကျတော့ ရှောင်ရင်းနဲ့ ကိုယ်နေနေကျ နေရာမှာ မနေရဲကြတော့ဘဲနဲ့ ၊ ကိုယ့်အိမ်ကိုယ့်တဲမှာ မနေရဲကြတော့ဘဲနဲ့ ကျောက်ကြား၊ တောင်ကြားမှာ သွားရှောင်နေ ကြတာပေါ့နော။ ဒီတကြော တော်တော်များများက အဲ့လိုအခြေအနေရှိတယ်” လို့ အသက် ၂၀ ကျော်အရွယ် ဖရူဆိုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီဟာ တိုက်ပွဲ ဖြစ်ပွားသည် ဖြစ်စေ၊ မဖြစ်ပွားသည် ဖြစ်စေ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာ၊ စစ်ရှောင်စခန်း ရှိရာဘက်ကို မကြာခဏ လက်နက်ကြီးတွေ ပစ်ခတ်တာ ၊ လေယာဉ်ဗုံးကြဲတာတွေကြောင့်လည်း စစ်ရှောင်တွေနဲ့ ဒေသခံတွေဟာ တောတောင်တွေထဲကို ထပ်ဆင့် ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
“ပုံမှန်မရှိဘူး သူတို့တခါတလေ ထုရင် (လက်နက်ကြီး) နှစ်လုံး၊ သုံးလုံး ထုတာမျိုး ရှိတယ်။ တခါတလေ ၆ လုံး၊ ၇ လုံး၊ တခါတလေလည်း တညလုံး၊ တစ်မနက်လုံး ထုတာရှိတယ်။ ၁၀ လုံး ကျော်တာမျိုးလည်းရှိတယ်။ အနည်းဆုံး ၆ ခေါက်၊ တစ်ခါတလေ ၁၀ ခေါက်ကျော်တာလည်း ရှိတယ်။ မပစ်တဲ့ရက်တွေကတော့ ခပ်နည်းနည်းပေါ့နော။ မပစ်တဲ့ရက်ဆို တစ်ရက်လောက်ပဲ နောက်ရက်ဆို ပြန်ပစ်ပြီ” လို့ အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။
ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းမှာ အောက်တိုဘာ ၇ ရက်နေ့က စစ်ရှောင်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့သည်။
စစ်ကောင်စီတပ်ဟာ ရှေ့ထွက်ကင်းများ ရွေ့ပြောင်းတဲ့အချိန်နဲ့ ယာဉ်တန်းတွေ တပ်ထဲကထွက်ချိန်တွေမှာ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်တာမျိုး ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက် ဒေသတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှ စပြီး လွိုင်ကော် – ဘောလခဲ ဦးတည်သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ကြားဖြတ်တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်ခဲ့သည်။
ကရင်နီပြည်မှာ စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ စစ်ကောင်စီတပ်က အချက်အချာကျတဲ့ ဒီးမော့ဆို – ဖရူဆို – ဘောလခဲ- ဖားဆောင်း မြို့နယ်က ၎င်းတို့ရဲ့ အထိုင်ချတပ်စခန်းတွေအတွက် ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။