ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီက UN တံဆိပ်တပ်က စစ်တပ်အတွက် စားနပ်ရိက္ခာတင်ပို့မှုများရှိနေ

0
554

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့သည် စားနပ်ရိက္ခာတင်ပို့သောကားတွင် ကုလသမဂ္ဂ (UN) ရဲ့ အမှတ်တံဆိပ်တွေတပ်ပြီး သယ်ယူပို့ဆောင်မှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် မြေပြင်မှ တပ်သားများထံ စားနပ်ရိက္ခာများကို တင်ပို့ရန်အတွက် UN အမှတ်တံဆိပ်တပ်ပြီး ပင်လောင်းမြို့နယ်တွင်းမှ ဖယ်ခုံမြို့နယ်သို့ ကားဖြင့် သယ်ယူပို့ဆောင်လျက်ရှိကြောင်း ပင်လောင်းမြို့နယ် ပရဟိတပြုလုပ်နေသည့်သူက ပြောသည်။

“ယူသုံးနေတာတော့ ဟုတ်တယ်။ သူတို့ UN ကားတွေကို အလွဲသုံးစားလုပ်လိုက်တာလား။ သပ်သပ်လုပ်တာလားမသိဘူး။ UN ကားတွေ ဆင်းသွားတာတော့ တွေ့လိုက်တယ်။ UN ကားဆိုပြီး သီးသန့်ရှိတယ်။ သူတို့ ကားနံပါတ်ပြားက UN က ထုတ်ပေးထားတဲ့ နံပါတ်တွေနဲ့ပဲ။ ပြီးတော့ ရိုးရိုးကားဆိုရင် တံဆိပ်တွေကပ်တာ တွေ့နေရတယ်” ဟု ၎င်းက ပြောသည်။

ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ စစ်ဘေးလာခိုလှုံသည့် ဒေသဖြစ်သည်။

ထိုကြောင့် ပင်လောင်းမြို့နယ်ထဲတွင် စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှုများ ပေးရန်အတွက် UN အဖွဲ့စည်းများက တည်ရှိထားသည်။

အလားတူ UN တပ်ဖွဲ့ကားဖြင့် ဖယ်ခုံမြို့နယ်တွင်းရှိ စစ်ကောင်စီတပ်များအတွက် ရိက္ခာတင်ပို့မှုရှိနေကြောင်း ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျနော်တို့ ဟိုနေ့က UN တံဆိပ်နဲ့ ကားတွေလာနေတာတော့ တွေ့တယ်။ အထဲမှာ စစ်ကောင်စီ (တပ်သား) တွေပါတယ်။ သူတို့ ရိက္ခာတင်လာတာ တွေ့တယ်။ ကျနော်တို့တော့ ပြည်သူတွေအတွက်ပဲ စိုးရိမ်တာပါ။ မသိဘဲနဲ့ သူများလာထောက်ပံ့တယ်ဆိုပြီးသွားမှာ စိုးရိမ်မိတယ်” ဟု ၎င်းက ပြောသည်။

ထိုအပြင် ပင်လောင်းမြို့နယ်ထဲတွင် စစ်ကောင်စီက စစ်ဆေးရေး တင်းကြပ်ထားပြီ ဆန်တင်ကားများကိုလည်း ပိုပြီးစစ်ဆေးနေကြောင်း သိရသည်။

“ပင်လောင်းမှာတော့ စစ်ဆေးရေး ဂိတ်တွေကတော့ စစ်ဆေးရေးတင်းကြပ်တယ်။ ဆန်အိတ်တွေတင် တဲ့ကားတွေဆို ပိုပြီးစစ်တယ်။ အရင်ကတော့ စစ်ဆေးပြီး ရစ်တာပေါ့။ အခုကတော့ ပိုက်ဆံပေးတတ်ရင် သွားလာလို့ရနေပြီ” ဟု ပင်လာင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ကုလသမဂ္ဂ UN ၏ အမှတ်တံဆိပ်များကို အသုံးချပြီး စစ်ကောင်စီမှ စစ်ရေးလှုပ်ရှားနေသည်ဆိုသည့် ကိစ္စကို UN အနေဖြင့် စုံစမ်းစစ်ဆေးပေးရန် လန်ဒန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့ Myanmar Accountability Project (MAP) က တောင်းဆိုလိုက်သည်။

ပင်လောင်းမြို့ မွေတော်ဘုရားကြီးကွင်းထဲတွင် UN ကားများက ဆိုက်ရောက်ပြီး ရိက္ခာများကို ခွဲဝေပေးမှုရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here