ဖမ်းဆီးခံရမှုသတင်းများကြောင့် စစ်ကိုင်းမြို့ပေါ်သို့ အမျိုးသားများ မလာရဲကြဟုဆို

0
286
Photo – Social Media

စစ်ကိုင်းတိုင်၊ စစ်ကိုင်းမြို့ပေါ်တွင် ရဲ နှင့်စစ်သားများက ကျေးလက်ဒေသမှ အမျိုးသားများကို မကြာခဏ ဖမ်းဆီးသည့် သတင်းများကြောင့် ကျေးလက်ဒေသခံအမျိုးသားများသည် မြို့ပေါ်သို့ အကြောင်းမဲ့ သွားရောက်ခြင်းမပြုလုပ်ကြကြောင်း သိရှိရသည်။

စစ်ကိုင်းဒေသခံတစ်ဦးက “ရဲတွေဖမ်းသွားရင် ပိုက်ဆံနဲ့ရွေးလို့ရတယ်။ စစ်သားတွေ ဖမ်းသွားရင် ငွေနဲ့ရွေးလို့မရဘူး။ သူတို့ ဘာလို့ဖမ်းတာလဲဆိုတော့ ဖမ်းချင်လို့ဖမ်းတာ၊ သူတို့တွေက လူလိုတယ်လေ ယောကျာ်းလေးတွေဆို မြို့ထဲမသွားချင်ကြတော့ဘူး။ သွားရဲတဲ့သူတွေပဲ သွားကြတာ၊ မသွားရဲတဲ့သူတွေ မသွားဘူး။ တခါတလေ သူတို့လှည့်ကင်းနဲ့တွေ့ရင် သူတို့ဖမ်းသွားရင် ထွက်ပြေးလို့လည်းမရဘူး၊ ရဲဆို ငွေပေးပြီးလို့ရတယ်” ဟု ပြောသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆင်မြေကျေးရွာအုပ်စုမှ အသက် ၂၆ နှစ်အရွယ် အမျိုးသားနှစ်ဦးသည် စစ်ကိုင်းမြို့ပေါ်တွင် ရဲတပ်ဖွဲ့များ ဖမ်းဆီးမှုခံခဲ့ရပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းဖြင့် ပြန်လည်ရွေးနုတ်ယူခဲ့ရကြောင်း သိရသည်။

“သူတို့တွေက နေ့လည်မှာဖမ်းတာ၊ ညဆိုတော့ ဘယ်သူမှမသွားဘူး။ အခန့်မသင့်ရင် ဖမ်းတာ၊ ဟိုနေ့ကတောင် မောင်နှမနှစ်ယောက် ဖမ်းခံရတာ။ သူတို့မြို့ထဲမှာ မုန့်သွားစားကြတာ၊ ငွေနဲ့သွား ရွေးခဲ့ရတယ်။ ဘယ်သူလဲဆိုတာတော့ အရပ်သားအစိုးရလက်ထပ်က အုပ်ချုပ်ရေးမှူးဟောင်းရဲ့သားတွေ” လို့ ဖြစ်စဉ်ကိုသိရှိသူ ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် သတင်းများကြောင့် အမျိုးသားအများစုသည် စစ်ကိုင်းမြို့ပေါ်သို့ အရေးကြီးကိစ္စမှလွဲပြီး ကျန်သည့်ကိစ္စရပ်များအတွက် မလာရဲတော့ကြောင်း စစ်ကိုင်းမြို့ခံများက ဆိုသည်။

“မြို့ပေါ်ကအစ်မဆိုရင်လည်း ယောကျာ်းလေးတွေ မလာနဲ့ မလာနဲ့ အဲ့လို ပြောတယ်။ ရွာထဲမှာ လူတွေသိပ်မသွားကြဘူး။ ခုက အမျိုးသမီးတွေပဲများတယ် သွားကြတာ” ဟု အဆိုပါကျေးရွာဒေသခံက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများသည် ရဲတပ်ဖွဲ့များက ဖမ်းဆီးပါက ငွေကြေးဖြင့် လာရောက်ရွေးနုတ်ခိုင်းမှုများ ရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပါက လုံးဝအဆက်အသွယ် ပြတ်တောက်သွားသည်များလည်း ရှိနေသည်ဟု သိရသည်။

စစ်ကိုင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏလှည့်ကင်းများရှိနေပြီး ကျေးလက်ဒေသများတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက စုဖွဲ့နေရာယူထားကြသည်။

လက်ရှိ၌ စစ်ကိုင်း ကျေးလက်ဒေသမှ အမျိုးသားများ စစ်ကိုင်းမြို့ပေါ်သို့လာလျှင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ရွာလူကြီးများနှင့် လိုက်ပါသွားလာလို့လွယ်ကူကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here