ကရင်နီ (ကယား) ပြည်တွင် တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှုဖြင့် ပြည်နယ်အစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပြီဟု ကရင်နီခေါင်းဆောင်များက ပြောဆိုသည်။
“အခြေခံမှ အဆင့်ဆင့်တည်ဆောက်ထားသော ဖက်ဒရယ်စနစ် – ကရင်နီတို့၏ နိုင်ငံတည်ဆောက်ပုံစံနမူနာ” ဟု အမည်ပေးထားသည့် စာတမ်းအကြိုမိတ်ဆက်ပွဲကို အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါစာတမ်း မိတ်ဆက်ပွဲတွင် ကရင်နီခေါင်းဆောင်များက ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ- IEC အတွင်းရေးမှူး – ၂ ဦးဗညားက “ဒီကြားကာလအစီအမံမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေ အရပ်ဖက်အဖွဲ့အစည်းတွေ လူငယ်တွေ သပိတ်တွေပါပြီးတော့မှ ကြားကာလအစီအမံ ၈ လကနေ ၁၀ လ အထိ ကြိုးစားပြီးတော့မှ ကျနော်တို့ ရေးဆွဲခဲ့ကြတယ်။ ပြီးတော့မှ ကျနော်တို့ အတည်ပြုနိုင်ပြီးတော့မှ IEC ဆိုတဲ့ အစိုးရသဏ္ဍာန်ကို ကျနော်တို့ စတင်ပြီးတော့မှ တည်ထောင်နိုင်ခြင်းဖြစ်ပါတယ်” ဟု ပြောဆိုသည်။
ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) အထွေထွေအတွင်းရေးမှူး မူလားကော်ရက်တီက ပြည်နယ်အစိုးရ ပေါ်ပေါက်လာစေသည့် အဓိကအချက်ထဲတွင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ မတူကွဲပြားသည့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကိုယ်စားပြုပါဝင်ခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်သည်ဟု ပြောသည်
မူလားကော်ရက်တီက “ဒီနိုင်ငံရေးဦးဆောင်မှုတွေ လူထုတွေရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဦးဆောင်ဦးရွက်ပြီးတော့ အစပျိုးမှုတွေ လုပ်တဲ့အခါမှာလည်း KSCC ရဲ့ စုဖွဲ့မှုမှာပဲကြည့်ကြည့် IEC ရဲ့ စုဖွဲ့မှုကိုပဲကြည့်ကြည့် ဒီအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တဆင့်တဆင့်ချင်းဆီမှာပဲကြည့်ကြည့် ကရင်နီရဲ့ အရပ်ဖက်အဖွဲ့အစည်းရဲ့ ကိုယ်စားပြုမှုတွေပါတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်၏အုပ်ချုပ်ရေးသာမက အဖက်ဖက်တွင်ပြိုလဲပျက်စီးသွားသည့် ကဏ္ဍများကို ပြည်နယ်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူကွဲပြားသည့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်းမှုများကြောင့် အခက်အခဲများကြားက အာဏာရှင်စွတ်ဖက်မှုမပါသည့် ကရင်နီပြည်အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။
ပြည်နယ်အစိုးရဖွဲ့စည်းနိုင်ရန် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ အရပ်ဖက်အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပတ်သက်၍ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ၏ အထွေထွေအတွင်းရေးမှူး မူလားကော်ရက်တီက ယခုကဲ့သို့ ဆက်ပြောသည်။
“ဒီနွေဦးတော်လှန်ရေး ခရီးစဉ်တလျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ကြိုးပမ်းအားထုတ်မှုတွေက တမူထူးခြားပြီးတော့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ အစဉ်တစိုက် ပါဝင်လာကြတယ်ဆိုတဲ့ဟာကတော့ မေ့လို့မရဘူးပေါ့နော်။ အဓိက ဘာကိုကြည့်မလဲဆိုရင်တော့ ကရင်နီပြည်ရဲ့ တော်လှန်ရေး နိုင်ငံရေးဖြစ်စဉ်နဲ့ ဒီခရီစဉ်တလျှောက်လုံး တည်ဆောက်မှုတခုချင်းစီမှာ အရပ်ဖက်အဖွဲ့အစည်း တွေရဲ့ အခြေခံအကျဆုံး သူတို့ရဲ့နိုင်ငံရေး ideology တွေ သူတို့ရဲ့နိုင်ငံရေးဦးဆောင်မှုတွေ သူတို့ရဲ့နိုင်ငံရေး ခင်ကျင်းပြသမှုတွေ ပါဝင်နေတယ်ဆိုတဲ့အချက်ပဲ ဖြစ်တယ်ပေါ့နော်”
စစ်အာဏာသိမ်းမှုကြောင့် ကရင်နီပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ မတူညီကွဲပြားသည့် အစုအဖွဲ့ များ၊ လူငယ်များနှင့် အမျိုးသမီးအင်အားစုများသည် အားကောင်းသည့် သပိတ်စစ်ကြောင်းများကို ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူများကို စစ်ကောင်စီတပ်က အကြမ်းဖက်ဖြိုခွင်းလာသောကြောင့် ပြည်သူအများစုသည် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
ထို့နောက် တော်လှန်ရေးနယ်မြေဒေသအသီးသီးကို ရောက်ရှိသွားသည့် မတူကွဲပြားသည့် သက်ဆိုင်ရာ အင်အားစုအချင်းချင်းများအကြားတွင် အားကောင်းလုံလောက်သည့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့သည်သာမက ပြည်နယ်အစိုးရကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြသည်ဟုဆိုပါသည်။
NMG ပေးပို့သည်။