မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလဆန်းမှစတင်၍ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ဦးဆောင်ပြီး ရပ်ကွက်နှင့် ကျေးရွာအလိုက် သန်းခေါင်စာရင်းကောက်ယူမည်ဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်မည်ဟုဆိုသည့် သန်းခေါင်စာရင်းကောက်ယူရန်အတွက် သင်တန်းတက်ထားသူ ပါဝင်ကူညီသူများကို အရေးယူမည်ဟု ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်သတိပေးခြင်းကြောင့် သန်းခေါင်စာရင်းစာအုပ်များ ပြန်အပ်ခဲ့ကြသည်ဟု သိရကြောင်း ပွင့်ဖြူမြို့ဒေသခံများက ပြောသည်။
ပွင့်ဖြူမြို့ဒေသခံ အမျိုးသားတစ်ဦးက “အသက်နဲ့ ရင်းရမယ့်ကိစ္စမျိုးဖြစ်တာကြောင့် ပြန်အပ်ခဲ့တယ်လို့ သိရတယ်။ ကိုယ့်အသိထဲကကို ခြောက်ယောက်၊ ခုနှစ်ယောက် ရှိတယ်။ ဒါ တခြားရွာကသူတွေ မပါသေးဘူး” ဟု ပြောသည်။
ပွင့်ဖြူမြို့နယ်ထဲ၌ ပျူစောထီးကျေးရွာများတွင် သန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကောက်ယူမည်ဟု ကြေညာထားကြောင်း သိရသည်။
စစ်ကောင်စီက ကျောင်းဆရာ၊ ဆရာမများနှင့် ထွေအုပ်ရုံးဝန်ထမ်းများကို သန်းခေါင်စာရင်ကောက်ယူရမည့် လုပ်ငန်းစဉ်သင်တန်းပေးမှုကို စက်တင်ဘာလ နောက်ဆုံးအပတ်က လေးရက်ကြာ သင်တန်းပေးခဲ့ခြင်းဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရမည့် အချက်အလက် ၆၀ ကျော် ပါဝင်ပြီး သင်တန်းတက်ထားသူများက တာဝန်ခံကောက်ယူနိုင်ခြင်း မရှိတော့သည့်အတွက် ပျူစောထီးများက ဦးဆောင်ကောက်ယူခြင်း ဖြစ်သည်ဟု သိရသည်။
ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများက ပျူစောထီးများအနေဖြင့် လုံခြုံရေးယူပြီး ကောက်ယူမည် သို့မဟုတ် ပျူစောထီးများ ကိုယ်တိုင်ကောက်မည် ဆိုသည်ကို စောင့်ကြည့်ရဦးမည်ဟု ပြောဆိုကြသည်။
သန်းခေါင်စာရင်းစာအုပ် ပြန်အပ်နှံခဲ့သည့် သင်တန်းတက်ထားသူများကို စစ်ကောင်စီဘက်က တစုံတရာ တုံ့ပြန်လုပ်ဆောင်မှုမျိုး မတွေ့ရသေးဟု ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်တွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီပြုလုပ်မည့် သန်းခေါင်စာရင်း ကောက်ယူမှုကို လုံးဝလက်မခံဘဲ ထိရောက်စွာ အရေးယူမည်ဟု ကြေညာထုတ်ပြန်ခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။