မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူစောထီး ၁၀ ဦးထက်မနည်း သေဆုံးကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့တွင် လယ်မကျေးရွာမှ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ခဲ့ပြီးသည့်နောက် စစ်ကူလာသောစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“စလင်းဘက်ကလာတဲ့ စစ်ကြောင်းနဲ့ ပွင့်ဖြူ (ဝါ) တပ်ဘက်ကလာတဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီနေ့မှာ သူတို့စစ်ကူသွားချင်တဲ့ နေရာတွေကို မရောက်လိုက်ဘူး” ဟု မင်းဘူးခရိုင် အမှတ်- ၇ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် လယ်မကျေးရွာမှ ပျူစောထီးခေါင်းဆောင်ရာဇာကို မေးမြန်းရန်တားဆီးချိန်၌ ဆိုင်ကယ်ရပ်မပေးသည့်အတွက်ကြောင့် ကာကွယ်ရေးအဖွဲ့များက ပစ်ခတ်ရာတွင် အဆိုပါပျုခေါင်းဆောင် သေဆုံးသွားကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါသည်။
ကာကွယ်ရေးအဖွဲ့များရှိနေသည့် လယ်မကျေးရွာကိုချဉ်းကပ်ရန် ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်မှ ထွက်လာသည့် အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ် ကားတစ်စီးကို မကျီးစုရွာအနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ၌ ၈ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းကဆိုသည်။
အလားတူ စလင်းမြို့နယ် ကံပြားရဲစခန်းဘက်မှလာသည့် အင်အား ၆၀ ဝန်းကျင်ပါ ကားသုံးစီးကိုလည်း ဆင်လူးကျေးရွာနှင့် မဲဇလီကျေးရွာကြားတွင် ကာကွယ်ရေးအဖွဲ့များက ဖြတ်တောက်တိုက်ခိုက်ခဲ့သည့်အတွက် ပျူစောထီး ၁ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုများကို မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် (၄) တပ်ရင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပွင့်ဖြူ ပ.က.ဖ နှင့် Yenanthar Youth Force LPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက “သေတာက အဲဒါထက်များတာပေါ့။ အရပ်သား နာရေးကားတွေဆို ဟိုးဩဂုတ်လကတည်းက ယူထားတာ။ သူတို့အလောင်းတွေ ပြန်သယ်ဖို့အတွက်ဆိုပြီး ယူထားတာ” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင်လည်း ဝန်လို၊ ခိုနန်း ကျေးရွာများ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာသည့်အတွက် ရပ်ရွာနာရေးကာများကို အသုံးပြုခဲ့ရသည့်အပြင် ယခုအခါတွင်လည်း ရွာမှကားများကို အသုံးပြုမှုလည်းရှိကြောင်း ဒေသခံများက ပြောဆိုသည်။
ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ရေးအဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများလာသည့်နောက်တွင် ရဲပြေးနှင့် စစ်ပြေးများလည်း များလာနေကြောင်း ဒေသခံများက ပြောသည်။
သံလွင်တိုင်းမ် ပေးပို့သည်။