ပွင့်ဖြူမြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် စစ်ကောင်စီလုံခြုံရေးတင်းကြပ်

By MPM 22 အောက်တိုဘာ, 2024 👁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ပြီးနောက် စစ်ကောင်စီက မြို့နယ်အတွင်းနေရာအနှံ့၌ လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။

ပွင့်ဖြူမြို့ပေါ်နှင့် မဲဇလီကျေးရွာတို့၌ အောက်တိုဘာ ၂၀ နှင့် ၂၁ ရက်တို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ ရှိကြောင်း သိရသည်။

ဒေသခံတစ်ဦးက “လောလောဆယ် ရှောက်တောတံတားမှာ အစစ်အဆေးကြမ်းတယ်။ ရှောက်တောမှာလည်း စကစတွေ အများကြီးရောက်နေတယ်။ စစ်ဆေးတာတွေလုပ်နေတယ်” ဟု ပြောသည်။

အောက်တိုဘာ ၂၀ ရက်က ပွင့်ဖြူမြို့နယ် အရှေ့ပိုင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူး သာဒွေးအောင်၏နေအိမ်ကို အဝေးထိန်းမိုင်းနှင့် တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို စစ်ဆေးရန်လာသော စစ်ကောင်စီ လက်အောက်ခံများကို အဝေးထိန်းမိုင်းနှင့် ထပ်မံတိုက်ခိုက်ခဲ့ရာတွင် ပွင့်ဖြူမြို့မ စခန်းမှူးအပါအဝင် စစ်ကောင်စီ လက်အောက်ခံ ၅ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက်တွင် မဲဇလီကျေးရွာ သုသာန်ဂိတ်အနီး၌ ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့တိုက်ခိုက်မှုကိုမူ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း မသိရှိသေးဘဲ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက ဖမ်းဆီးမှုများ၊ စစ်ဆေးရေးတင်းကြပ်မှုများလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။