ပွင့်ဖြူတွင် မကွေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်နေ

By MPM 6 ဖေ‌ဖော်ဝါရီ, 2024 👁

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၌ စစ်ကောင်စီမကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် လိုက်ပါလာသည့် ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောသည်။

ယာဉ်တန်းတိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်ကောင်စီက ဒေသခံ ၁၀ ဦး ဝန်းကျင်ကို ဖမ်းဆီးပြီး ငွေညှစ်နေကြောင်းနှင့် တချို့ကို သိန်း ၂၀ နှင့် ပြန်ရွေးခိုင်းတဲ့အထိ ရှိနေပြီး လက်ရှိအချိန်ထိလည်း မြို့နယ်အတွင်း စစ်ဆေးမှုတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

မကွေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် တိုက်ခိုက်ခံရတာဖြစ်ပြီး ကားများထိခိုက်ပျက်စီးသွားကြောင်းနှင့် ယင်းသို့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ် စုံစမ်းနေတယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါပဲ။ မျက်မြင်တွေနဲ့ နောက်ဆက်တွဲ သတင်းတွေအရတော့ ကားမှန်တွေ အက်သွားတာရှိတယ်။ ကားနောက်ပိုင်းလည်း ထိခိုက်သွားတယ်Ó လို့ ၎င်းက ဆိုသည်။

ပွင့်ဖြူမြို့နယ် ပ.က.ဖ ရဲ့ ထုတ်ပြန်ချက်အရ ဆင်ဖြူကျွန်းကိုသွားမည့် အစီး ၂၀ ပါ ထိုယာဉ်တန်းကို ပွင့်ဖြူမြို့နယ် ရှောက်တာကျေးရွာ ကျားနှစ်ကောင် ဘုန်းကြီးကျောင်းဘေးက ကားလမ်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အသိပေးထားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း ပွင့်ဖြူ-စလင်း လမ်းပိုင်းက ပွင့်ဖြူ-ရှောက်တော တံတားတွင် စစ်ကောင်စီတပ် လိုက်ပါလာတဲ့ကားကို ပွင့်ဖြူ ပ.က.ဖနဲ့ မင်းဘူးခရိုင်အမှတ် – ၇ တပ်ရင်းတို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပွင့်ဖြူတွင် ဒေသခံ ၁၂၀ ကျော် ဖမ်းဆီးခံထားရပြီး ယင်းတို့ထဲက ၆၀ ဝန်းကျင်သာ ပြန်လည်လွတ်မြောက်လာသေးတယ်လို့ ဒေသတွင်းအချက်အလက်တွေအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။