ပွင့်ဖြူတွင် စစ်ရေးအခြေအနေကြောင့် ကြက်သွန်စိုက်တောင်သူများ အရှုံးခံတူးဖော်ရောင်းချနေရ

By MPM 18 မတ်, 2025 👁 6

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံကြက်သွန်စိုက်တောင်သူများသည် ကြက်သွန်တူးချိန်ကာလ မတိုင်ခင် အရှုံးခံ တူးဖော်ရောင်းချနေကြရကြောင်း အဆိုပါ ဒေသခံတောင်သူများက ပြောဆိုသည်။

စစ်ရေးဆိုင်ရာ ကောလာဟလများကြောင့် စစ်မက်ဖြစ်ပွားလာပါက တူးဖော်ချိန်မရမည်ကို စိုးရိမ်ကာ ကြက်သွန်တူးသည့် အလုပ်သမားများကို အလုအယက်ငှားရမ်း၍ ကြက်သွန်တူးရမည့်ကာလ မရောက်မီ ကြက်သွန်ခင် များကို တူးဖော်ရောင်းချနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ဝယ်သူက နှစ်ယောက်တည်းရှိတာ၊ အခင်းတွေက ငြိမ်တဲ့အချိန် မြန်မြန်တူးရဖို့ အရေးကြီးတာ။ တူးပြီးရတဲ့စျေးနဲ့ ရောင်းလိုက်တာပဲ” ဟု ဒေသခံကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ပွဲများမဖြစ်ပွားမီက ကြက်သွန် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်စျေးရှိရာမှ လက်ရှိ မတ်လအတွင်း၌ ကြက်သွန်တစ်ပိဿာ ၁၃၀၀ ကျပ်စျေးသာ ရှိတော့သော်လည်း ရသည့်စျေးဖြင့်သာ အရှံးခံ ရောင်းချနေကြကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောသည်။

ပွင့်ဖြူမြို့၊ မဲဇလီတိုက်နယ်မှ ကြက်သွန်စိုက်တောင်သူတစ်ဦးက “ဆေးပက်ချိန် ရေသွင်းချိန် ပြေးကြရတော့ ပုံမှန်မဟုတ်တော့ နှစ်တိုင်းလို အထွက်မတိုး၊ အထွက်တွေကနည်း၊ စျေးတွေကကျ၊ တချို့တွေက တူးချိန်မတန်လည်း တူးနေကြတော့ အရည်အသွေးမမီတော့ စျေးတွေကျတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကြက်သွန်များကို တူးဖော်ရောင်းချနေကြရသည့်အတွက် ကြက်သွန် ယာတစ်ကန့်လျှင် ကျပ်သိန်း ၃၀ ဝန်းကျင် ကုန်ကျခဲ့သော်လည်း ရောင်းချရာတွင် ကျပ်သိန်း ၂၀ ပင် ပြန်မရကြောင်း ဒေသခံ ကြက်သွန်စိုက်တောင်သူများ ပြောဆိုမှုအရ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။