ပြည်သူ့စစ်အဖွဲ့လက်နက်ကြီးကြောင့် ဆီဆိုင်ဒေသခံအမျိုးသမီး ၁ ဦး သေဆုံး

By MPM 19 ဩဂုတ်, 2024 👁

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ဆီဆိုင်မြို့နယ်ထဲက အမျိုးသမီး ၁ ဦးသေဆုံးပြီး၊ ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က ဆီဆိုင်မြို့နယ်၊ ပန်အောင်ကျေးရွာသို့ ဩဂုတ်လ ၁၄ ရက်နေ့၊ ညနေပိုင်းက လက်နက်ကြီး ပစ်ခတ်ခဲ့ရာတွင် အသက် ၄၀ ကျော်အရွယ် မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၃ နှစ် အရွယ် သားဖြစ်သူလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။

သားဖြစ်သူမှာ ဝမ်းဗိုက်၊ ညာဘက်လက်နှင့် ဦးခေါင်းတို့တွင် ပြင်းထန်ဒဏ်ရာများရရှိထားပြီး အခင်းဖြစ်သည့်နေရာအထိ PNLA တပ်ဖွဲ့ဝင်များမှ သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေလည်း မဟုတ်ဘဲနဲ့ စစ်ကောင်စီနဲ့ PNO က လက်နက်ကြီးနဲ့ပစ်တော့ ပန်အောင်ရွာထဲ ကျတာပေါ့နော်။ အဲဒီမှာ သားအမိ ၂ ယောက်လုံး တောင်ယာသွားနေတဲ့အချိန် ထိသွားတာပေါ့” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လက်ရှိတွင် ပြင်းထန်ဒဏ်ရာရရှိသူ ကလေးငယ်ကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပေးထားပြီး ဆရာဝန်များက ကြိုးစားကုသပေးနေသော်လည်း ဒဏ်ရာပြင်းထန်လွန်းသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ၎င်းက ဆိုသည်။

ခွန်ရိန်းယံက “စစ်ကောင်စီက အကြမ်းဖက်သမားဆိုတော့ အကြမ်းဖက်လုပ်ရပ်ကို လုပ်နေတာပေါ့နော်။ ပအိုဝ်း ကျေးရွာတွေ၊ ပြည်သူတွေကို တိုက်ခိုက်နေတာပေါ့။ ဒေသခံတွေ အရပ်သားတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီးတော့ သူတို့က တိုက်ခိုက် သတ်ဖြတ်နေတာပေါ့။ စစ်ကောင်စီနဲ့အတူ သူတို့လက်အောက်ခံ PNO တွေလည်း အဲ့လိုမျိုးပဲပေါ့နော်” ဟု သုံးသပ်ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့အရှေ့ဘက် မီရဲ့ကျေးရွာတွင် အသက် ၁၈ နှစ်အောက်အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့သေးသည်။

ဆီဆိုင်မြို့အား စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်းတွင် PNA တပ်များမှာ ဆီဆိုင်မြို့နယ်ထဲရှိ တိုက်ပွဲ မဖြစ်သေးသည့် ကျေးရွာများတွင် စစ်သင်တန်းမပေးဘဲ ရှေ့တန်းပို့ခြင်း၊ ပင်လောင်းမြို့နယ်အတွင်း အမျိုးသားများအား ၃ ရက်ခန့်သာ စစ်သင်တန်းပေး၍ ရှေ့တန်းပို့ဆောင်ခြင်း စသည့်လုပ်ရပ်များ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

NMG ပေးပို့သည်။