ပြည်သူ့စစ်ကောက်ယူမှုနှင့်အတူ စစ်သားစုဆောင်းမှုဖိအားကြောင့် စစ်ဘေးရှောင်များ နေရပ်ပြန်နေထိုင်ရန် အခက်တွေ့နေ

By MPM 24 ဖေ‌ဖော်ဝါရီ, 2025 👁 3

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ စစ်ဘေးရှောင်များသည် စစ်ကောင်စီဘက်က ပြည်သူ့စစ်ကောက်ယူမှုနှင့်အတူ လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်သားစုဆောင်းမှုဖိအားကြောင့် နေရပ်ပြန်လည်နေထိုင်ရေးအတွက် အခက်အခဲ ဖြစ်လာနေသည်ဟု စစ်ဘေးရှောင်များပြောဆိုမှုအရ သိရသည်။

နေရပ်သို့ပြန်လည်ဝင်ရောက်နေထိုင်ကြရန် ဒေသအာဏာပိုင်တို့ကတဆင့် ပြန်ခေါ်မှုရှိကြသော်လည်း ပြန်လည် ဝင်ရောက်လာနေထိုင်ချိန် စစ်သားစုဆောင်းမှုများ ရှိနေတာကြောင့် နေရပ်မပြန်နိုင်ဖြစ်နေရကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။

“ပြန်လို့တော့ရတယ်၊ ပြန်ခေါ်နေကြပီ။ ဒါမယ့် ပြန်ရင် တစ်ရွာကို စစ်သား ၄၀ ပေးရမယ်လို့ ကြားတာ။ အဲ့ဒါကြောင့် မပြန်တော့တာ” ဟု ဟုမ္မလင်းမြို့နယ်၊ တော်စီကျေးရွာကနေ စစ်ဘေးရှောင်နေသူ ရွာခံအမျိုးသမီးက ပြောသည်။

စစ်ဘေးရှောင်များသည် စားဝတ်နေရေး အကျပ်အတည်းများကို ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းနေရသလို စစ်ကောင်စီဘက်က ပြည်သူ့စစ်ကောက်ယူမှု၊ PDF အဖွဲ့၏ တပ်သားသစ်ကောက်ယူမှုတို့ကို ရင်ဆိုင်နေကြ ရကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ယခုလိုပြောသည်။

“စစ်ဘေးရှောင်တွေက တော်တော်ကြီးကိုမှ အခက်အခဲကြုံနေတာ။ နေစရာစားစရာ ကိုယ်ထူကိုယ်ထကြံဖန်ပြီး စီစဉ်နေရပါတယ်ဆိုမှ စစ်ဘေးရှောင်အုပ်စုတစ်စုကို လူ ၅ ယောက်ဆိုပြီး ပြည်သူ့စစ်ကောက်သေးတာ၊ ဟိုဘက် ဖိအား၊ ဒီဘက်ဖိအား နှစ်ဖက်ခံနေရတာ” စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဟုမ္မလင်းမြို့နယ် တော်စီကျေးရွာ၊ မန်ဟုန် စသည့်ဒေသရှိ ရှမ်းနီအမျိုးသားတပ်မတော် SNA ၏ တပ်စခန်းများကို KIA ၊ PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ ၄ လကျော် ကြာမြင့်လာပြီဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတချို့တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း ခေါ်ယူနိုင်ခြင်းမရှိသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်သားကောက်ယူမှုလည်း ရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ထောင်နှင့်ချီရှိနေပြီး ရွှေပြည်အေးမြို့က ဒေသခံနှစ်ထောင်လည်း တစ်နှစ်ကျော်ကြာသည်အထိ ဟုမ္မလင်းမြို့ပေါ် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည်။

စစ်ဘေးရှောင်များအား သီးသန့်စီမံပေးသည့် စစ်ရှောင်စခန်းများမရှိသလို ရေရှည်ကူညီထောက်ပံ့ပေးနိုင်သော စစ်ရှောင်ကူအဖွဲ့များမရှိတာကြောင့် ရွှေမျှောလုပ်ငန်း၊ လက်ဖက်ခင်းများနှင့် ဒေသတွင်းက လုပ်ငန်းပေါင်းစုံတို့၌ စစ်ဘေးရှောင်များက ဝင်ရောက်လုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေကြကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။