ပျောက်ဆုံးနေသည့် ကထိကဆရာမ ဒေါ်ဝင်းဝင်းအောင် AA ထံ ရောက်ရှိလာခြင်းမရှိဟု ဦးခိုင်သုခပြောဆို

By MPM 13 မေ, 2025 👁

မိတ္ထီလာတက္ကသိုလ်မှ ပျောက်ဆုံးနေသည့် ရခိုင်လူမျိုး ကထိကဆရာမဒေါ်ဝင်းဝင်းအောင်သည် အာရက္ခတပ်တော် (AA) ထံ ရောက်ရှိလာခြင်းမရှိဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ရခိုင်လူမျိုးကထိကဆရာမ ဒေါ်ဝင်းဝင်းအောင်သည် မေလ ၇ ရက်တွင် မိတ္ထီလာတက္ကသိုလ်မှ ပျောက်ဆုံးသွားပြီး အာရက္ခတပ်တော်( AA) နှင့်ချိတ်ဆက်ကာ အဖွဲ့ထဲသို့ ဝင်ရောက် သွားပြီဟု မေလ ၁၂ ရက်နေ့က စစ်ကောင်စီသတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက “အဲ့ဒီဆရာမကတော့ အခုချိန်ထိ ကျနော်တို့ဆီရောက်လာတာမရှိဘူးဗျ။ အခုနေပြီးတော့ အွန်လိုင်းပေါ်မှာတက်လာမှပဲ အဲ့ဒီကိစ္စကို ကျနော်တို့လည်းတွေ့တယ်။ အဓိကကတော့ အဲ့ဒီ ဆရာမဟာ ရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ကလည်းပဲ သူ တကယ်ဘာဖြစ်လဲ ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းနေတာရှိပါတယ်” ဟု ပြောသည်။

ရခိုင်လူမျိုး ကထိကဆရာမ ဒေါ်ဝင်းဝင်းအောင်သည် စစ်ကိုင်းငလျင်ကြောင့် မန္တလေးတိုင်းမှ တက္ကသိုလ် ဝင်တန်းဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား အနီးကပ်သင်ကြားပို့ချရန် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မေလ ၁ ရက်နေ့တွင် မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိလာသည်။

မေလ ၂ ရက်နေ့မှစတင်ကာ ၎င်းသည် အထက (၂) ပျော်ဘွယ်တွင် သင်ကြားပို့ချမှုများဆောင်ရွက်ခဲ့ ကြောင်းနှင့် မေလ ၇ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်တွင် မိတ္ထီလာတက္ကသိုလ်မှ ပျော်ဘွယ်မြို့သို့ မထွက်ခွာမီ ၎င်း၏မိတ်ဆွေများနှင့်တွေ့ဆုံရန် ထွက်ခွာသွားခဲ့ပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကထိကဆရာမ ဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာတက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်ရှေ့သို့ ရောက်ရှိလာသည့် ကားတစ်စီးဖြင့် သူမ၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ သတင်းစာများတွင် ရေးသားဖော်ပြထားသည်။

ကထိကဒေါ်ဝင်းဝင်းအောင်သည် PDF အဖွဲ့မှ ဇေယျာမင်းဌေး၏ ချိတ်ဆက်ကူညီမှုဖြင့် AA ထံ ဝင်ရောက်သွားခဲ့ပြီး AA အခြေပြုရာ နယ်မြေများအတွင်း ပညာရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ရည်ရွယ် ဆောင်ရွက်ခဲ့သည်ဟုလည်း စစ်ကောင်စီက ဆက်လက်ရေးသားဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီဖော်ပြချက်အပေါ် ဦးခိုင်သုခက “အဓိကကတော့ ရခိုင်လူမျိုးဖြစ်တယ်ဆိုတဲ့ အချက်အပေါ် မှာ မူတည်ပြီးမှ သူတို့မှာပျောက်သွားပြီဆိုတာနဲ့ AA ဆီကိုသွားပြီဆိုပြီး တန်းပြီးစွပ်စွဲတဲ့သဘောမျိုးပေါ့။ ပြောရမယ်ဆိုလို့ရှိရင်တော့ သူနဲ့ဆက်စပ်တဲ့သူတွေကိုပါ လိုအပ်ရင် အရေးယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ အဲ့ဒီလိုမျိုးရည်ရွယ်ပြီးတော့ တာဝန်မဲ့စကားကိုပြောပြီးတော့ စွပ်စွဲတယ်လို့ ကျနော်မြင်ပါတယ်” ဟု ပြောသည်။

တဖက်တွင်လည်း ကထိကဆရာမ ဒေါ်ဝင်းဝင်းအောင်အား မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ နွားထိုးကြီး PDF က မိတ္ထီလာမြို့နယ်တနေရာတွင် ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း မေလ ၈ ရက်နေ့က ထုတ်ပြန်ထားခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။