ပုလောမြို့ပေါ် စရဖရုံးကို PDF ဝင်စီး

0
138
Photo - မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

တနင်္သာရီတိုင်း၊ ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းထံက သိရသည်။

စရဖရုံးနှင့် ကပ်လျှက်ရှိသည့် မြို့တော်ခန်းမ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ စရဖရုံးဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်သားများက သေနတ်ခြောက်ချက်ခန့် ရမ်းသမ်းပစ်ခတ်ပြီး ထွက်ပြေး သွားတာကြောင့် မိနစ်ပိုင်းအတွင်းပင် စရဖရုံးကို စီးနင်းနိုင်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် ကျည်ဘောက်အပါအဝင် ကျည်ဆံတချို့နှင့် စာရွက်စာတမ်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး စရဖရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ဆိုသည်။

လက်ရှိ၌ အမှတ် (၂) ရပ်ကွက်ရှိ စရဖရုံး အနီးအနားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးချထားပြီး ကင်းပုန်းဝပ်နေကြသည်ကို သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတို့က ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here