ပုလောမြို့နယ်အတွင်းနယ်မြေစိုးမိုးနိုင်ရေး စစ်ကောင်စီတပ်အင်အားရာချီသုံးပြီးစစ်ကြောင်းထိုးနေ

By MPM 15 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်း၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်တွင် နယ်မြေစိုးမိုးမှုရရန် အင်အား ၂၀၀ ကျော်ပါရှိသည့် စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှစ၍ စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ပုလောမြို့နယ်တွင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားနိုင်သော ပြည်ထောင်စုလမ်းမကြီးဘေးရှိ ဒေသတဝိုက်ကို နယ်မြေစိုးမိုးမှုရရန် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲများရှိနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များကလည်း ပြောဆိုသည်။

“လက်ရှိအချိန်ထိတော့ သူတို့ရှေ့မတိုးနိုင်သေးဘူး။ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ ရွာတွေကို ကျနော်တို့ နေရာယူထားတာ ရှိတယ်။ အဲဒါကို နယ်မြေရှင်းလင်းရေး လုပ်မယ်လို့ပြောတယ်။ အခုတော့ နှစ်ဖက်ဆိုင်ထားတဲ့ သဘောပေါ့။ တိုက်ပွဲအသေးစိတ်အခြေအနေကတော့ ပြောဖို့ခက်သေးတယ်” ဟု ပုလော၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် မီးလောင်ချောင်းရွာနှင့် ကြဲရွာမှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟုလည်း ဒေသခံများက ပြောသည်။

အလားတူ ပုလောမြို့နယ် ခန္ဓီကျေးရွာအုပ်စုအတွင်းကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၅၀ ဖြင့် အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်၍ လက်ရှိအချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသခံတချို့လည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံရွာသားများ ပြောဆိုမှုအရ သိရသည်။

ဒေသခံရွာသားတစ်ဦးက “စစ်တပ်က ဖမ်းထားတဲ့အထဲ ဘယ်သူတွေပါလဲဆိုတာ သေချာမသိရသေးဘူး။ အဲဒီရွာက ကျွန်းပေါ်မှာလည်းဖြစ်တယ်။ ရွာကလည်းကြီးတော့ လူနေများတယ်။ လောလောဆယ် အဲဒီက တစ်ယောက်နဲ့မှ ဆက်သွယ်လို့မရ ဖြစ်နေတယ်။ စစ်တပ်ကလည်း အခုချိန်ထိ ပြန်မထွက်သေးဘူး” ဟု ပြောသည်။

လက်ရှိ၌ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်နေသည့် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO ပူးပေါင်းပါဝင်သော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ဖူးသည်။

တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက်ပိုင်း စစ်ကောင်စီက ပြန်လည်နေရာယူထားခဲ့ရာ မီးလောင်ချောင်းမှ အစပြု၍ တော်လှန်ရေးအင်အားစု စိုးမိုးထားသည့် နယ်မြေများကို စစ်ကောင်စီက သိမ်းယူနိုင်ရန် အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက အင်အားတိုးချဲ့ ပြင်ဆင်နေကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က စတင်၍ သန်းခေါင်စာရင်းကောက်ယူမှု ဆောင်ရွက်ရာတွင် စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံထားရသည့် ပုလောမြို့ပေါ်ရပ်ကွက်တချို့တွင်သာ လုပ်ဆောင်နိုင်သဖြင့် ယခုလို စစ်ကြောင်းထိုးမှုသည် နယ်မြေစိုးမိုးရေးအပြင် သန်းခေါင်စာရင်းကောက်ယူရေး လွယ်ကူရန် ဖြစ်နိုင် ကြောင်းလည်း ပုလောမြို့နယ် တော်လှန်ရေးသတင်းရင်းမြစ်တချို့က သုံးသပ်ပြောဆိုသည်။

KIC ပေးပို့သည်။