တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူမည့်သူများကို လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် သန်းခေါင်စာရင်းကောက်ယူမှုတချို့ ရပ်နားထားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံက သိရသည်။
အောက်တိုဘာ ၁ ရက်နေ့က စပြီး ပုလောမြို့နယ် အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄၊ အမှတ် ၅ ရပ်ကွက်များအပြင် မကျည်းကုန်းကျေးရွာနှင့် ပလောက်မြို့ပေါ်တို့တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့သည်ဟု ဆိုသည်။
ထိုသို့သန်းခေါင်စာရင်း ကောက်ယူနေချိန် အမှတ် ၅ ရပ်ကွက်ရှိ ခလရ ၂၈၅ အနီးက မိုင်ခရိုဝေ့တောင် စခန်းကုန်း၊ တိုတာဝါတိုင် စခန်းကုန်းနှင့် မကျည်းကုန်းရွာထိပ်၌ လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သားများကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက ဒရုန်းနှင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်သားများ ယင်းသို့တိုက်ခိုက်မှုခံရပြီးနောက် သန်းခေါင်စာရင်းကောက်ယူမှုကို မတွေ့မြင်ရသေးကြောင်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
မကျည်းကုန်းကျေးရွာနှင့် အမှတ် ၅ ရပ်ကွက်တို့တွင် သန်းခေါင်စာရင်းကောက်ယူမှု ရပ်နားလိုက်ပေမယ့် ၎င်းတို့ထိန်းချုပ်မှု အားကောင်းသည့် မြို့ပေါ်ရပ်ကွက်များ၌ လုံခြုံရေးအင်အားအများအပြားနှင့် သန်းခေါင်စာရင်း ဆက်လက် ကောက်ယူနေသည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုကို ဒေသခံအများစုက မကြည်ဖြူကြသည့်အပြင် မြို့နေပြည်သူများကလည်း သန်းခေါင်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းထဲ ဆွဲသွင်းလာမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
လက်လှမ်းမီသမျှ ဆက်သွယ်မေးမြန်မှုများအရ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်အတွင်းက လောင်းလုံးမြို့နယ်ကလွဲပြီး ကျန်သည့်မြို့နယ်များတွင် အောက်တိုဘာ ၁ ရက်နေ့ကစ၍ သန်းခေါင်စာရင်း ကောက်ယူနေခြင်းဖြစ်ပြီး ကော့သောင်းမြို့၌ အောက်တိုဘာ ၁၀ ရက်နေ့မှ စတင်ကောက်ယူမည်ဖြစ်ကြောင်း သိရှိရသည်။
တနင်္သာရီတိုင်းတွင် စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် လူအင်အား ၁၀၀၀ ကျော်နှင့် စာရင်းကောက်ယူနေကြောင်း အောက်တိုဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။