ပုလောတွင် မိုင်းထိပြီး အရပ်သားတစ်ဦးသေဆုံး

By MPM 6 ဧပြီ, 2025 👁 4

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဆင်ထိုးကြီးကျေးရွာအနီး ဥယျာဉ်ခြံတစ်ခုတွင် ဒေသခံအမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့ မနက် ၁၀ နာရီခန့်က ဆင်ထိုးကြီးကျေးရွာနေ အသက် ၆၀ ကျော်အရွယ် ဦးသိန်းသိန်းဆိုသူသည် ၎င်းပိုင်ဥယျာဉ်ခြံထဲ၌ သီဟိုဠ်စေ့ဝင်ကောက်စဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

မြေမြှုပ်မိုင်းကြောင့် ဦးသိန်းသိန်းဟာ ခြေကျင်းဝတ်ပြတ်တောက်ဒဏ်ရာရရှိပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ဒေသခံများပြောပြချက်အရ ဆင်ထိုးကြီးကျေးရွာအနီးပတ်ဝန်းကျင်၌ ပြီးခဲ့သည့်နှစ် သြဂုတ်လကနေ နိုဝင်ဘာလအထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ဆင်ထိုးကြီးကျေးရွာအနီးဝန်းကျင်တွင် မြေမြှုပ်မိုင်းများကြောင့် ဒေသခံပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခုတစ်ကြိမ်မှာ လူသေဆုံးမှုအထိ ဖြစ်ပေါ်ခဲ့ရသည်ဟု ဒေသခံတို့က ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။