ပါရာမော်တာနှင့် ဂျိုင်ရိုကော့ပ်တာများ ဗုံးကြဲမှုကြောင့် ကျေးရွာများ ပိုမိုထိခိုက်လာ

By MPM 22 ဇွန်, 2026 👁 3

မြန်မာနိုင်ငံတွင် စစ်အုပ်စုတပ်သည် စစ်လေယာဉ်များအပြင် အင်ဂျင်တပ် ပါရာမော်တာများနှင့် ဂျိုင်ရိုကော့ပ်တာများကို အသုံးပြုကာ အတိုက်အခံ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ဒေသများရှိ ကျေးရွာများကို ညအချိန်ဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။

အင်ဂျင်တပ်ပါရာဂလိုက်ဒါ (ပါရာမော်တာ) များသည် သာမန်အားဖြင့် အပျော်တမ်းပျံသန်းသူများ အသုံးပြုလေ့ရှိသည့် ပေါ့ပါးသော လေယာဉ်အမျိုးအစားဖြစ်ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် နှစ်ဦး သို့မဟုတ် သုံးဦးခန့် တက်ရောက်ကာ တဦးက မောင်းနှင်ပြီး ကျန်သူများက ဗုံးများကို လက်ဖြင့် ပစ်ချတိုက်ခိုက်နေသည်ဟု သတင်းတွင် ဖော်ပြသည်။

တိုက်ခိုက်မှုများသည် များသောအားဖြင့် ညနက်ပိုင်းတွင် ဖြစ်ပွားပြီး ကျေးရွာများ၊ စိုက်ခင်းများနှင့် လူနေအိမ်များအပေါ်သို့ နိမ့်နိမ့်ပျံသန်းကာ ဗုံးများပစ်ချခြင်းဖြစ်သည်။ တခါတရံ ပျံသန်းလာစဉ် အင်ဂျင်သံကို ပိတ်ထားပြီး အသံမကြားရအောင် ဆင်းသက်လာသည့်အတွက် ဒေသခံများအတွက် ကြိုတင်ရှောင်တိမ်းရန် အချိန်မလုံလောက်ကြောင်း စစ်ကိုင်းတိုင်းမှ လူမှုလှုပ်ရှားသူတဦးက ပြောကြားထားသည်။

၎င်းက “လူတွေက ဗုံးခိုကျင်းတွေဆီ ပြေးကြပါတယ်။ ဒါပေမဲ့ အချိန်မမီတာ များပါတယ်။ တိုက်ခိုက်မှုတွေအပြီး သေဆုံးဒဏ်ရာရသူ အများအပြားရှိပါတယ်” ဟု ပြောဆိုသည်။

သတင်းအရ ယင်းတိုက်ခိုက်မှုများတွင် တခါတရံ ဗုံးတလုံးလျှင် ၁၆ ကီလိုဂရမ်ခန့်အထိ ရှိနိုင်ပြီး အိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးကာ အိပ်ပျော်နေသည့် အရပ်သားများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားနေသည်။

ထို့ပြင် ပထမအကြိမ် ဗုံးကြဲပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများက ထိခိုက်ဒဏ်ရာရသူများကို ကူညီနေချိန်တွင် ထပ်မံပြန်လာ၍ ဗုံးကြဲသည့် (double-tap)တိုက်ခိုက်မှုများလည်း ရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပဋိပက္ခစောင့်ကြည့်အဖွဲ့ (ACLED) ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် ပါရာမော်တာများနှင့် ဆက်နွယ်သည့် ဖြစ်စဉ် နှစ်ခုသာ မှတ်တမ်းတင်ထားသော်လည်း ၂၀၂၅ ခုနှစ်တွင် ၃၅၃ ခုအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၆ ခုနှစ် ပထမ ငါးလအတွင်းတွင်လည်း တိုက်ခိုက်မှု ၁၀၀ ကျော် မှတ်တမ်းတင်ထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၅ ခုနှစ်တွင် စစ်တပ်က ဂျိုင်ရိုကော့ပ်တာများကိုလည်း အသုံးပြုလာပြီး ယင်းအမျိုးအစားသည် ပါရာမော်တာများထက် မြန်နှုန်းပိုမြင့်၊ အမြင့်ပိုပျံနိုင်ကာ အကွာအဝေးပိုမိုသွားလာနိုင်သည်ဟု ဆိုသည်။ ACLED ၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်တွင် gyrocopter ဆိုင်ရာ ဖြစ်စဉ် ၆၉ ခုရှိခဲ့ပြီး ၂၀၂၆ ခုနှစ် ပထမ လေးလအတွင်းတွင် ၇၄ ခုအထိ ရှိလာခဲ့သည်။

ACLED ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ်မှစ၍ ပါရာမော်တာ နှင့် ဂျိုင်ရိုကော့ပ်တာ တိုက်ခိုက်မှုများကြောင့် သေဆုံးသူအနည်းဆုံး ၃၂၁ ဦး ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် သေဆုံးဒဏ်ရာရမှုသည် ထိုထက်ပိုများနိုင်ကြောင်း သုံးသပ်သူများက ပြောသည်။

နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) မှ သုတေသီ Shayna Bauchner က စစ်အုပ်စုသည် စီးပွားဖြစ်ဝယ်ယူရလွယ်သည့် ပါရာမော်တာများကို ဝယ်ယူတပ်ဆင်ပြီး စစ်သားများအား မော်တာကျည်များ ပစ်ချရန် အသုံးပြုနေကြောင်း ပြောကြားထားသည်။

ယင်းလေယာဉ်ငယ်များသည် စစ်လေယာဉ်များနှင့်မတူဘဲ လေယာဉ်ကွင်းအပါအဝင် အခြေခံအဆောက်အအုံများစွာ မလိုအပ်ခြင်း၊ လောင်စာသုံးစွဲမှုနည်းခြင်း၊ စျေးနှုန်းသက်သာခြင်းနှင့် စောင့်ကြည့်ကာကွယ်ရေးစနစ်များမှ ရှာဖွေရန်ခက်ခဲခြင်းတို့ကြောင့် စစ်အုပ်စုအတွက် အသုံးပြုရလွယ်ကူနေသည်ဟု သတင်းတွင် ဆိုထားသည်။

The Guardian သတင်းအရ စစ်အုပ်စုသည် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် စစ်လက်နက်နှင့် လေကြောင်းပစ္စည်းများ ဝယ်ယူရန် အခက်အခဲများ ရှိလာချိန်တွင် စျေးကွက်တွင် ရရှိနိုင်သော ယင်းလေယာဉ်ငယ်များကို အသုံးပြုခြင်းဖြင့် ပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်နေကြောင်းလည်း သုံးသပ်ထားသည်။

၂၀၂၄ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုတပ်နှင့် ဒီမိုကရေစီရေးတော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တနိုင်ငံလုံးအနှံ့ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီး စစ်အုပ်စုသည် မြေပြင်တပ်များ မရောက်နိုင်သည့် အတိုက်အခံထိန်းချုပ်နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်။

ACLED ၏ အာရှ-ပစိဖိတ်ဒေသ အကြီးတန်းသုံးသပ်သူ တဦး က The Guardian သတင်းထောက်အား ပြောပြရာတွင်၊ ယင်းလေယာဉ်ငယ်များအသုံးပြုလာမှုသည် မြန်မာပဋိပက္ခအတွင်း အရေးကြီးသော ပြောင်းလဲမှုတရပ်ဖြစ်ပြီး သက်ရောက်မှုမှာ အလွန်ပြင်းထန်ကြောင်း ပြောသည်။

၎င်းက အဆိုပါတိုက်ခိုက်မှုများသည် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အန္တရာယ်သာမက ဒေသခံများအပေါ် စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုနှင့် မလုံခြုံမှုကိုလည်း နက်နက်ရှိုင်းရှိုင်း ဖြစ်စေကြောင်း သုံးသပ်ထားသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် မူလတန်းကျောင်းတကျောင်း၌ ပြုလုပ်သည့် ဗုဒ္ဓဘာသာပွဲတခုကို တိုက်ခိုက်မှုကြောင့် ကလေး သုံးဦးအပါအဝင် လူ အနည်းဆုံး ၂၄ ဦး သေဆုံးပြီး ၆၁ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုဖြစ်စဉ်တွင် ပါရာမော်တာများသည် မီးများမဖွင့်ဘဲ၊ အင်ဂျင်သံလည်း မကြားရအောင် ချဉ်းကပ်လာကြောင်း သက်သေတဦးက Fortify Rights ကို ပြောကြားထားသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်လည်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ဆေးရုံတရုံကို ဂျိုင်ရိုကော့ပ်တာ (gyrocopter) ဖြင့် တိုက်ခိုက်မှုကြောင့် ဆေးရုံအုပ်ဆရာဝန်နှင့် ဆေးဘက်ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့ပြီး နောက်တနေ့တွင် ထိုဆရာဝန်အား သင်္ဂြိုဟ်ရန် ပြင်ဆင်ထားသည့် သုသာန်ကိုလည်း ထပ်မံဗုံးကြဲခဲ့ကြောင်း ဖော်ပြထားသည်။

လူ့အခွင့်အရေးအဖွဲ့များက ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူများအတွက် ဆေးကုသမှုရရှိရေးမှာ အကူအညီဝင်ရောက်ခွင့် ကန့်သတ်ချက်များကြောင့် ပိုမိုခက်ခဲနေကြောင်း ပြောသည်။

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ၏ အချက်အလက်များအရ စစ်တပ်သည် အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း ၈၇၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၂၆၃ ခုထက်မနည်းကို တိုက်ခိုက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch ၏ သုသေတီ Shayna Bauchner က စစ်အုပ်စု၏ paramotor နှင့် gyrocopter တိုက်ခိုက်မှုများသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခြင်းဖြစ်နိုင်ပြီး စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေသည့် ပုံစံတခုဖြစ်ကြောင်း ပြောကြားထားသည်။

သုံးသပ်သူများက တော်လှန်ရေးအင်အားစုများအနေဖြင့် နိမ့်နိမ့်ပျံသန်းသည့် လေယာဉ်ငယ်များကို ကာကွယ်တားဆီးနိုင်စွမ်း ကန့်သတ်ချက်ရှိနေသဖြင့် paramotor နှင့် gyrocopter တိုက်ခိုက်မှုများသည် လာမည့်လများတွင် နိုင်ငံတဝန်း ပိုမိုတိုးချဲ့လာနိုင်ကြောင်း သတိပေးထားသည်။

မဇ္ဈိမ