ပလက်ဝမြို့နယ် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အကူအညီလိုအပ်နေ

By MPM 8 အောက်တိုဘာ, 2024 👁

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းနှင့် အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်တွင် နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြသော ပလက်ဝစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အနွေးထည်များ အကူအညီလိုအပ်နေကြကြောင်း သိရသည်။

စစ်ရေးအခြေအနေကြောင့် ပလက်ဝမြို့နယ်အတွင်း နေရပ်စွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်သူ တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ – မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်သူ လေးထောင်ကျော် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်ခန့်ရှိပြီး ဆေးဝါး၊ စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြသည်ဟု Paletwa IDPs and Humanitarian Supporting အဖွဲ့မှ တာဝန်ခံ ဆလိုင်းစိုးသန်းက ပြောသည်။

“ကျွန်တော်တို့ ပလက်ဝမြို့နယ်အတွင်းရဲ့ IDPs ရှိမယ်၊ နောက် မီဇိုရမ်ဘက်က Refugee ရှိတာပေါ့။ ပလက်ဝကောင်စီ ထိန်းချုပ်ဧရိယာအတွင်းဆိုရင်တော့ ပြည်သူ့ကျန်းမာ‌အဖွဲ့ ရှိပါတယ်။ ဆေးဝါးလုံလောက်မှု မရှိဘူး။ ပြီးတော့ စားနှပ်ရိက္ခာပေါ့ အဓိက ဆန် လိုအပ်တာပေါ့နော်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး ဆလိုင်းစိုးသန်းက “မီဇိုရမ်ဘက် စစ်ဘေးရှောင်တွေဆိုရင် ကျွန်တော်အခု အဲဒီကနေပြန်လာတာ၊ လိုအပ်ချက်ကတော့ စားဝတ်နေရေး အဆင်မပြေဘူး။ နောက်ပြီးတော့ ဆေးဝါး အခက်အခဲကလည်း ကြုံနေတယ်။ ဒီဘက်မှာဆိုရင် ကျန်းမာရေးက ကိုယ်ထူကိုယ်ထ လုပ်နေရတဲ့အချိန်မှာ အလုပ်အကိုင်လဲမရှိ၊ ဝင်ငွေလဲမရှိတဲ့အခါကြတော့ တော်တော်လေး စိန်ခေါ်မှုဖြစ်နေရတဲ့ အနေအထားပေါ့နော်” ဟု ဆိုသည်။

ထို့အပြင် ဆောင်းတွင်းကာလ ရောက်လာတော့မည်ဖြစ်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ၊ ကလေးငယ်များအတွက် အနွေးထည် အင်္ကျီ၊ ဘောင်းဘီ၊ စောင်၊ ခြင်ထောင် လိုအပ်ချက်များလည်းရှိနေပြီး ထောက်ပံ့ကူညီလှူဒါန်းပေးကြရန် ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင်ပြည်သူအများစုမှာ ပလက်ဝမြို့နယ်အတွင်း ကျေးရွားများနှင့် ဆမီးမြို့ဘက်တွင် နေထိုင်ကြရပြီး နယ်မြေလုံခြုံမှုမရှိခြင်း၊ တောင်ယာ မလုပ်ကိုင်နိုင်ခြင်းနှင့် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် နေ့စဉ်စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေကြရသည်။

အလားတူ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းရှိ ပလက်ဝစစ်ဘေးရှောင် ပြည်သူများမှာလည်း အလုပ်အကိုင်မရှိခြင်း၊ လုံလောက်သော ထောက်ပံ့ကူညီမှု မရရှိခြင်းကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်ဟု သိရသည်။

ဆလိုင်းစိုးသန်းက “စစ်ရှောင်တွေကတော့ အလုပ်အကိုင် မရှိဘူးပေါ့၊ နေ့စားလုပ်ပြီးမှ ရလာတဲ့ပိုက်ဆံလေးနဲ့ သူတို့ဘဝကို သူတို့စီမံနေရတဲ့ အနေအထားပေါ့။ မီဇိုရမ်ဘက်မှာဆိုရင်‌ ပံ့ပိုးပေးမဲ့ အဖွဲ့အစည်းတွေကလဲ မယ်မယ်ရရမရှိဘူး။ ပြီးတော့ များများစားစားပေးနိုင်တဲ့ အခြေအနေမရှိဘူး။ ကိုယ့်ရဲ့ စားဝတ်နေရေးဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ဖြစ် ပညာရေးဖြစ်ဖြစ်ပေါ့ အကူအညီလိုအပ်တာတော့ အမှန်ပဲ။ လတ်တလောမှာ အဆင်ပြေသလိုပဲ နေကြတယ်” ဟု ပြောသည်။

ဆက်လက်ပြီး “တချို့ဆိုရင်တော့ ကျေးရွာတွေရဲ့ ခွင့်ပြုချက်အရ တောင်ယာသေးသေးလေး ခုတ်ခွင့်ရရင်ရသလို သူတို့နေ့စဉ်ဘဝအတွက် ရုန်းကန်နေရတဲ့ အနေအထားဖြစ်တယ်။ ပြည်တွင်းဘက်က အခြေအနေကြတော့လည်း မကွာခြားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးအရ အဲဘက်မှာ ဘာမှလုပ်ကိုင်စားသောက်လို့ မရဘူး။ တချိန်တုန်းက စစ်မြေပြင်ဖြစ်တဲ့အတွက် တောထဲမှာ သူတို့ သွားရေးလာရေးအတွက်လဲ သိပ်အဆင်မပြေဘူး။ ကျောင်းမှာတောင်မှ မိုင်းထိပြီးမှ သေဆုံးတဲ့သူတွေရှိ‌နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ပလက်ဝမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွါ စစ်ဘေးတိမ်းရှောင်သူများကို ပြည်တွင်း/ပြည်ပမှသော်လည်းကောင်း အချို့အဖွဲ့ အစည်းများထံမှသော်လည်းကောင်း ကူညီထောက်ပံ့မှုများ ရရှိသည့်အချိန်များ ရှိခဲ့သော်လည်း ရေရှည်ထောက်ပံ့နိုင်သည့် အနေအထားမဟုတ်သောကြောင့် လုံလောက်မှုမရှိကြောင်း သိရသည်။

ထို့ကြောင့် ပလက်ဝစစ်ဘေးရှောင်ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များအား ပြည်တွင်း/ပြည်ပရှိ အလှူရှင်များမှ ကူညီထောက်ပံ့ပေးရန် Paletwa IDP and Humanitarian Supporting အဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုထားပြီး ကူညီထောက်ပံ့နိုင်သူများအနေဖြင့် ၎င်းတို့အားဆက်သွယ်ကာ ထောက်ပံ့နိုင်ကြောင်း ကယ်ဆယ်ရေးတာဝန်ခံက ဆလိုင်းစိုးသန်းက ဆက်ပြောသည်။

ပလက်ဝစစ်ဘေးရှောင်ပြည်သူများသည် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများရှိသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ ပြန်ပြင်းထန်လာခြင်းကြောင့် ဘေးလွတ်ရာ ကျေးလက်ဒေသ၊ ပြည်မဘက်နှင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ထို့အပြင် တဖက်တွင်လည်း ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်ကာ ယခင်ဈေးနှုန်းထက် ၄ ဆအထိ မြင့်တက်ခြင်းကြောင့် ပြည်သူများ စားဝတ်နေရေး ပိုမိုခက်ခဲလာကြရသည်ဟု ‌ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ပလက်ဝတွင် ဆန်ကြမ်းတစ်အိတ် – ၁၅၀,၀၀၀ ကျပ်၊ ငါးပိတစ်ပိသာ – ၂၀,၀၀၀ ကျပ်၊ ဆား တစ်ပိသာ – ၁၀,၀၀၀ ကျပ်၊ အချိုမုန့် တစ်ပိသာ – ၃၀,၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိသာ – ၄၀,၀၀၀ ကျပ်၊ ပရီမီယာကော်ဖီထုတ်ကြီး တစ်ထုတ် – ၃၀,၀၀၀ ကျပ်၊ အမဲသား တစ်ပိသာ – ၂၀,၀၀၀ ကျပ်၊ ကြက်သား တစ်ပိသာ – ၃၀,၀၀၀ ကျပ်၊ ကြက်ဉတစ်လုံး – ၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိသာ – ၁၀,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိသာ – ၁၅၀၀၀ ကျပ်နှင့် ဓါတ်ဆီ တစ်ဂါလံ – ၅၅,၀၀၀ ကျပ် စသည်ဖြင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း သိရသည်။

KMG ပေးပို့သည်။