ပလက်ဝစစ်ဘေးရှောင် ၂၀၀၀၀ ခန့်အတွက် အကူအညီများလိုအပ်နေ

By MPM 22 အောက်တိုဘာ, 2024 👁

ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀,၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

စစ်ရေးပဋိပက္ခများကြောင့် ဆမီး၊ ကန်ထောင်၊ ပလက်ဝဒေသက ထွက်ပြေးတိမ်းရှောင်နေကြသော စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ဘက်ခြမ်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် လေးထောင်ကျော်အတွက် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်။

ကုန်စည်လမ်းကြောင်းများ ပိတ်ဆို့ခံရမှု၊ အလုပ်ကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး မပြေလည်မှုတို့ကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အခက်အခဲဖြစ်နေကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေပေးနေသူများက ပြောသည်။

ပလက်ဝဒေသခံ စစ်ဘေးရှောင်များက ယခုရောက်ရှိနေကြသည့် နေရာများတွင် စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့် အမျှ လုံလောက်သောထောက်ပံ့မှုများ မရှိတော့ဘူးဟု ပြောဆိုကြသည်။

ပလက်ဝ စစ်ရှောင်နှင့် လူသားချင်းစာနာမှုထောက်ပို့ (Paletwa IDPs and Humanitarian Supporting) အဖွဲ့ တာဝန်ခံဆလိုင်းစိုးသန်းက “ကိုယ့်ကျေးရွာ ကိုယ့်ဒေသ မဟုတ်ဘဲနဲ့ အဲ့လိုမျိုး စစ်ရှောင်တဲ့အခါကြတော့ တခြားကျေးရွာရောက်တဲ့အခါကြတော့ သူတို့ကလည်း အစပြုပြီးမှ အဲ့မှာကိုယ့်မိသားစုအတွက် စားဝတ်နေရေး ပြန်လည်ထူထောင်ရေး ကိုယ့်ဟာကိုယ် လုပ်တဲ့အခါကြတော့ ချေးငှားရတာပေါ့။ စပါးတွေ ချေးငှားရတာနဲ့ အဲ့ဒါ ပြန်ဆပ်ရတာနဲ့ဘာနဲ့ စားဖို့အတွက်နဲ့ သူတို့အတွက် စိန်ခေါ်မှုတွေ တော်တော်ရှိတယ်” ဟု ပြောသည်။

စိုက်ပျိုးရေးနှင့် နယ်စပ်ကုန်သွယ်ရေးကို မှီခိုအားထားနေရသည့် ပလက်ဝဒေသခံများမှာ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရခြင်း ဖြစ်သည်။ ထို့အပြင် အိန္ဒိယ-ပလက်ဝ ကုန်သွယ်ရေး လမ်းကြောင်းကိုလည်း အိန္ဒိယဘက်က ပိတ်ထားသောကြောင့် အလုပ်အကိုင် ရှားပါးပြီး အခက်အခဲများ ဖြစ်နေကြသည်ဟု စစ်ရှောင်များက ပြောသည်။

“အာဏာသိမ်းဖြစ်စဉ်ရဲ့ နောက်ပိုင်းမှာ နယ်မြေစိုးမိုးမှု သိမ်းပိုက်မှုရှိတဲ့ခါကြတော့ ကျနော်တို့ရဲ့ ဒီတောင်ယာက ဒေသထွက်သီးနှံတွေက ရောင်းလို့မထွက်တဲ့ဟာ ဖြစ်သွားတယ်” ဒေသခံတစ်ဦးက ဆိုသည်။

အလုပ်ကိုင်ရှားပါးပြီး ဝင်ငွေလည်း မရှိသည့်အပြင် ကုန်ပစ္စည်းများပါ ပြတ်လပ်လာသည့်အတွက် ကုန်ဈေးနှုန်းများလည်း အဆမတန် မြင့်တက်လာသည့် ဒဏ်ကို စစ်ဘေးရှောင်များသာမက ဒေသခံများကပါ ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

အဆိုပါ စစ်ရှောင်များအတွက် လုံလောက်သည့် လူသားချင်းစာနာထောက်ထူးမှုဆိုင်ရာ အကူအညီများ လုံလုံလောက်လောက် မရတော့သည့်အတွက်လည်း စားဝတ်နေရေးပိုင်းကို ပိုခက်ခဲဆိုးရွားစေသည်ဟု စစ်ရှောင်ကူညီသူတို့က ပြောဆိုသည်။

လက်ရှိ ချင်းပြည်တောင်ပိုင်း၊ ပလက်ဝဒေသထဲရှိ AA ထိန်းချုပ်ရာ ဒေသများနှင့် CDF- ပလက်ဝ (CDF-Paletwa) ထိန်းချုပ်ရာ နေရာများတွင်လည်း ဆေးဝါးပြတ်လပ်မှု၊ အခြေခံစားနပ်ရိက္ခာပြတ်လပ်မှုများ ဖြစ်နေကြသည်။

စစ်အာဏာ မသိမ်းခင်က ပခုက္ကူ – မင်းတပ် – မတူပီ – ပလက်ဝ လမ်းကြောင်းနှင့် ရခိုင်ပြည်ကလာသော လမ်းကြောင်းများက အဓိက ကုန်စည်စီးဆင်းပြီး လက်ရှိ၌ အဆိုပါလမ်းကြောင်းများမှာ ကုန်စည်စီးဆင်းမှုမရှိတော့ဘဲ မီဇိုရမ်လမ်းကြောင်းတစ်ခုတည်းကိုသာ ဒေသခံများက အဓိက အားထားနေရခြင်းဖြစ်သည်။

NMG ပေးပို့သည်။