ကချင်ပြည်နယ်၊ ပန်ဝါမြို့နှင့်အနီးဆုံး လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းဌာနချုပ် မကျစေရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြင်းထန်တိုက်ခိုက်နေကြောင်း ပန်ဝါဒေသခံများထံက သိရသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ကနေ ည သန်းခေါင်အထိ စစ်ကောင်စီ Y 12 လေယာဉ်တစ်စီးနှင့် တိုက်ပွဲနေရာကို ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ပန်ဝါမြို့အနီးနေထိုင်သည့် အမျိုးသားတစ်ဦးက ယခုလိုပြောသည်။
“မနေ့ည တရုတ်နာရီ ၁၁ နာရီ ဝန်းကျင်ကနေ လေယာဉ်နဲ့ပစ်တာ ၁၂ နာရီ ၁၀ မိနစ်ထိ တညလုံးလာပစ်တယ်။ ဗုံးအလုံးရေက ၃၀ ထက် မနည်းဘူး” ဟု ၎င်းက ပြောဆိုသည်။
ချီဖွေမြို့နှင့် ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ခဲ့ပြီးနောက် ချီဖွေ – ပန်ဝါ လမ်းမတလျှောက်ရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် ပြည်သူ့စစ်အဖွဲ့နှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ စတင်လာခြင်း ဖြစ်သည်။
ယခုတိုက်ပွဲဖြစ်ပွားနေသည့် လုပြည် (ဒေသအခေါ်) လောက်ပြေကျေးရွာသည် ပန်ဝါမြို့နှင့် ၁၀ မိုင်ဝန်းကျင်အကွာတွင် တည်ရှိကာ လီဆူမျိုးနွယ်စုဝင်တို့ အများဆုံးနေထိုင်ကြပြီး အိမ်ခြေ ၂၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။
ယင်းအပြင် ၁၀၀၂ တပ်ရင်းဌာနချုပ်သည် ကချင်အထူးဒေသ – ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို ကာကွယ်ပေးသည့် ရှေ့တန်းအကျဆုံး စစ်ကောင်စီလက်အောက်ခံ တပ်ရင်းဌာနချုပ်ဖြစ်ပြီး တနည်းအားဖြင့် မြို့စောင့်တပ်ရင်းဟုလည်း ဒေသခံများက ခေါ်ဆိုကြသည်။
နယ်ခြားစောင့်တပ်လက်အောက် ပြည်သူ့စစ်အဖွဲ့နှင့် တပ်ရင်းဌာနချုပ်များမှာ ချီဖွေမြို့နှင့် ဖီမော်မြို့အကြား နဇွန်ဘုတ်ကျေးရွာတွင် ၁၀၀၁ တပ်ရင်း၊ ဝိုင်းမော် – ကံပိုက်တည် သွားရာလမ်းမကြီးရှိ စင်ကြိုင်ရွာတွင် ၁၀၀၃ တပ်ရင်းနှင့် ပန်ဝါမြို့နှင့်အနီးဆုံး လက်ရှိတိုက်ပွဲဖြစ်နေသည့်နေရာတွင် ၁၀၀၂ တပ်ရင်းဌာနချုပ်တို့ တည်ရှိသည်။
လုပြည်ကျေးရွာတွင် အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နှင့် ပြည်သူ့စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံပြည်သူအားလုံး ပန်ဝါမြို့ဘက်ကို ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရသည်။
ပန်ဝါဒေသခံအမျိုးသမီးတစ်ဦးက “လုပြည်က စစ်ဘေးရှောင်တွေ ပန်ဝါဘက်ကို ရာချီရောက်နေပြီလို့ သိရတယ်။ တိုက်ပွဲက လောလောဆယ်တော့ ငြိမ်နေတယ်” ဟု ပြောသည်။
KIA နှင့်ပူးပေါင်းတပ်များက စက်တင်ဘာ ၂၉ ရက်နေ့တွင် ချီဖွေမြို့၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဆော့လော်မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ချီဖွေ – ပန်ဝါ လမ်းမတလျှောက်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ နှင့် KIA ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာရာက ပန်ဝါမြို့အနီးထိ တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်။
ပန်ဝါမြို့အနီးတွင် တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ တဖက်တွင်လည်း ပြည်သူ့စစ်တပ်က တပ်သားစုဆောင်းမှုကို အပူတပြင်းလုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။
လတ်တလောတွင်လည်း မြို့ပေါ်တည်းခိုခန်း၊ စားသောက်ဆိုင်နှင့် သတ္တုလုပ်ကွက်များ၌ တပ်သားသစ်များ စုဆောင်းနေပြီး စစ်သင်တန်းပေးခြင်းမရှိဘဲ ရှေ့တန်းကို ပို့ဆောင်နေကြောင်း ပန်ဝါဒေသခံများက ပြောပါသည်။
နယ်ခြားစောင့်တပ် လက်အောက်ရှိ ပြည်သူ့စစ်အဖွဲ့က ဇွန်လအတွင်း ဝါရှောင်ကျေးရွာအထက်တွင်ရှိသည့် စစ်ကောင်စီတပ် စုပေါင်းဂိတ်နှင့် ဆဒုံးမြို့ကို သိမ်းပိုက်ခံခဲ့ရပြီးနောက်ပိုင်း ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း တပ်သားများ စုဆောင်းမှုကို စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ကချင်အထူးဒေသ – ၁ ထိန်းချုပ်နယ်မြေဖြစ်သည့် ပန်ဝါနှင့် ချီဖွေဒေသတို့တွင် နယ်ခြားစောင့်တပ်က မြေရှားထုတ်လုပ်မှုကို အများဆုံးလုပ်ဆောင်နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနယ်နယ်အရပ်ရပ်က လူငယ်၊ လူလတ်ပိုင်းများ အလုပ်လာရောက်လုပ်ကိုင်မှုလည်း များပြားလျက်ရှိနေသည်။
ပန်ဝါဒေသတွင် မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင် အများဆုံးတည်ရှိသလို လတ်တလော၌ ပန်ဝါမြို့ထဲတွင် ဖုန်းဘေလ်ဖြည့်သည့် ဝန်ဆောင်မှုများ ပိတ်ပင်ထားခံရသည်ဟု ဒေသခံများက ပြောသည်။
တရုတ်ဆက်သွယ်ရေး ကွန်ရက်ကိုအဓိကအသုံးပြုသည့် ပန်ဝါမြို့တွင် နယ်ခြားစောင့်တပ်က ယခုလို ဖုန်းဘေလ်ဖြည့်ဝန်ဆောင်မှုများကို ပိတ်ပင်မှုက သတင်းထိန်းချုပ်မှု ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆိုကြသည်။
“ဖုန်းဘေလ်က ထည့်မရတော့ဘူး။ ဘာလို့လဲမေးတော့ လူကြီးတွေပြောထားတယ်ပဲပြောတယ်။ ဘာကြောင့်ဆိုတာတော့ တိတိကျကျ မသိရဘူး” ဟု ပန်ဝါမြို့တွင်းနေထိုင်သူတစ်ဦးက ပြောပါသည်။
ပန်ဝါမြို့သည် ချီဖွေမြို့နှင့် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိသည့် တရုတ် – မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဦးဆောင်သည့် နယ်ခြားစောင့်တပ် အခြေစိုက်သည့်မြို့လည်းဖြစ်သည်။
KNG ပေးပို့သည်။