ကချင်ပြည်နယ်၊ ပန်ဝါဒေသ လဂွေကျေးရွာတွင် စစ်ကောင်စီတပ်အပါအဝင် ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၅ ရက်ကြာရှိလာပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
ပန်ဝါဒေသရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းနေထိုင်သည့် လဂွေပြည်သူစစ်စခန်းကို KIA တပ်က စက်တင်ဘာလဆန်းပိုင်းအတွင်း သိမ်းပိုက်ခဲ့ပြီးနောက်တွင် ပန်ဝါဒေသ၌ စစ်ရေးတင်းမာလာသည်မှာ တပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်ဟု ဆိုသည်။
လဂွေပြည်သူ့စစ်စခန်း လက်လွတ်လိုက်ရပြီးနောက် ပြည်သူ့စစ်အဖွဲ့သည် KIA သိမ်းပိုက်ထားပြီးဖြစ်သည့် လဂွေပြည်သူ့စစ် တပ်စခန်းနေရာကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက အခုလိုပြောဆိုသည်။
“ပန်ဝါ လဂွေကျေးရွာဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတာ ဖြစ်တယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် တိုက်ပွဲပြန်ဖြစ်နေတာ။ ပြီးရင် KIA တပ်ရင်း ၇ ဘက်မှာလည်း လက်နက်ကြီးတွေ ပစ်ခတ်နေတာ” ဟု ၎င်းက ဆိုသည်။
စက်တင်ဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့က ဖရေး (Hpare) KIA တပ်မဟာ (၇) ဘက်ကို ဒရုန်းတွင် လက်နက်ကြီးတပ် သွားရောက်ပစ်ခတ်ခဲ့သည့်အတွက် စစ်မျက်နှာပြင် ၂ ခုတွင် တိုက်ပွဲဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ကချင်အထူးဒေသ (၁) ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ်များက လဂွေ ပြည်သူ့စစ်တပ်စခန်း လက်လွှတ်လိုက်ရသည့်အပြင် ပန်ဝါဒေသဘက်ကို KIA ပူးပေါင်းတပ်များက စစ်ရေးလှုပ်ရှားဝင်ရောက်လာတာကြောင့် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အဆိုပါဒေသရှိ သတင်းရင်းမြစ်များက ပြောသည်။
နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ အဓိက ထိန်းချုပ်ထားသည့် ချီဖွေ၊ ပန်ဝါ ဒေသတို့တွင် ယခင်က တိုက်ပွဲဖြစ်ပွားလေ့သိပ်မရှိသော်လည်း ယခု ၂၀၂၄ ခုနှစ်လယ်ပိုင်းကစ၍ KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်လာသည်ကို မြင်တွေ့လာရသည်ဟု ဒေသခံများက ပြောသည်။
ပန်ဝါဒေသ၌ ယခုလိုတိုက်ပွဲဖြစ်လာသည်နှင့် ပတ်သက်ပြီး ချီဖွေဒေသခံတစ်ဦးက “တိုက်ပွဲတွေက ပိုပြင်းထန်လာဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဗျူဟာလည်းရှိတယ်။ အခုလိုဆိုရင် ပြည်သူ့စစ်တွေလည်း အင်အားစုဆောင်းနေကြတယ်ဆိုတော့ အခုကတိုက်ပွဲဖြစ်လာဖို့ အစပဲရှိသေးတယ်လို့ မြင်တယ်။ သူတို့အချင်းချင်း စောင့်ကြည့်နေကြတာ ကြာပြီ။ အခုမှ လုပ်ငန်းစလာတာလို့ မြင်ပါတယ်” ဟု ပြောသည်။
ပန်ဝါဒေသတွင် တိုက်ပွဲများဖြစ်ပွားလာတာကြောင့် တရုတ်နယ်စပ်အနီးတဝိုက် ပစ်ခတ်ခံများ ထွက်ပေါ်လာနေပြီး တစ်ဖက်တွင်လည်း တရုတ်အစိုးရဘက်က သေနတ်သံမထွက်ရန် တောင်းဆိုနေမှုလည်းရှိနေကြောင်း သိရသည်။
လက်ရှိ၌ ပန်ဝါဒေသတွင် တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပန်ဝါဒေသ တာဝန်ရှိသူများတွေ့ဆုံပြီး ညှိနှိုင်းမှုလည်းရှိနေသည်ဟုသိရပေမယ့် ထိုသို့ညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း ကချင်အထူးဒေသ (၁) ချီဖွေ၊ ပန်ဝါ၊ ကန်ပိုက်တည် စသည့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့်နေရာတွင် KIA နှင့် PDF အဖွဲ့များကို တိုက်ခိုက်ရန် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက “စစ်မိန့်” ပေးထားကြောင်း ဒေသခံတို့က ပြောဆိုနေကြသည်။
KNG ပေးပို့သည်။