ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က စစ်မှုထမ်းအတွက် စစ်ဘေးရှောင်များက လူစာရင်းပေး လက်မှတ်ထိုးနိုင်မှသာ ကျေးရွာနေရပ်တွင် ပြန်လည်နေထိုင်ခွင့်ပေးမည်ဟု ပြောဆိုနေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ တစ်လခွဲခန့် ကြာပြီဖြစ်သော်လည်း စစ်မှုထမ်းအတွက် ပါဝင်လိုကြောင်း စစ်ဘေးရှောင်များက လက်မှတ်ထိုးပေးမှသာ ကျေးရွာအတွင်း နေထိုင်ခွင့်ပြုမည်ဟု ဆိုသည်။
စစ်ဘေးရှောင်နေသည့် ဆောင်းပြောင်းရွာခံတစ်ဦးက “တခါတည်း စစ်မှုထမ်းခေါ်မယ်လို့တော့ မပြောဘူး။ အရင်ဆုံး ကိုယ့်ဆန္ဒပါတယ်ဆိုတာ လက်မှတ်ထိုးပေးပေါ့။ ကိုယ့်ဆန္ဒမှမပါကြတာ ဘယ်သူက ထိုးချင်မလဲ” ဟု ပြောသည်။
လက်မှတ်ထိုးထားသည့် လူစာရင်းစာရွက်အား ဩဂုတ်လမကုန်မီ ရွာလူကြီးထံမှတဆင့် PNA တာဝန်ရှိသူများထံ ပေးအပ်ရမည်ဖြစ်ပြီး အားလုံးခေါ်ယူမည်မဟုတ်ဘဲ တစ်သုတ်ချင်း စစ်သင်တန်းပေးသွားမည်ဟု ဆိုသည်။
ဆောင်းပြောင်းကျေးရွာရှိ အသက် ၁၈ နှစ်အရွယ်မှ အသက် ၄၀ အရွယ်အတွင်း အမျိုးသားများသာ စစ်မှုထမ်း အကျုံးဝင်သော်လည်း အသက် ၁၈ နှစ်အောက် ကိုယ်ခန္ဓာထွားကျိုင်းသည့် ကလေးများကိုလည်း PNA က စစ်မှုထမ်းခေါ်ယူဖူးသည်ဟု အဝေးရောက် ဆောင်းပြောင်းရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမကလေးတွေတော့ အားလုံး ပြေးခိုင်းထားလို့ စိတ်အေးရပြီ။ ကျမတို့ရွာရော တခြားရွာရော အသက်မပြည့်လည်း သူတို့က လူကောင်ကြည့်ပြီး ခေါ်တာတွေ ရှိခဲ့ဖူးတယ်။ သူတို့က အသက်ပြည့်ရင် လူကောင်မကြည့်ဘူး။ လူကောင်မီရင်တော့ အသက် ဘယ်လောက်နေနေခေါ်တယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ စိုက်ပျိုးရာသီ၌ ကျေးရွာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများအား ပြုစု ပျိုးထောင်ရန်အတွက် နေရပ်ပြန်ချင်ကြသော်လည်း စစ်မှုထမ်းကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။
အလားတူ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့တို့က ဟိုပုံးမြို့နယ်ထဲတွင်လည်း ပြည်သူပိုင်ကားများကို ချောဆွဲခြင်း၊ အခွန်ကောက်ခြင်းများအပြင် စစ်မှုထမ်းအတွက် လူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်ကာ ရှေ့တန်းသို့ အတင်းအဓမ္မစေလွှတ်ခြင်းများ ရှိခဲ့သည့်အတွက် ပင်လောင်းဒေသခံများမှာ စိုးရိမ်နေကြသည်။
ထို့အပြင် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ဆက်ကြေးအခွန် မပေးဆောင်သည့် ကုမ္ပဏီက ကားတစ်စီးကိုလည်း PDF ကားဟုစွပ်စွဲကာ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည် ဖြစ်စဉ်တခုလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သေးသည်။
NMG ပေးပို့သည်။