ပင်လည်ဘူးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းပညာရေးကို စွန့်ခွာမှုများပြားလာနေ

By MPM 25 နိုဝင်ဘာ, 2024 👁

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း ကျောင်းနေအရွယ်ကလေးများသည် ကျောင်းပညာရေးကို ဆက်လက် သင်ကြားခြင်း မရှိတော့ဘဲ စွန့်ခွာမှုပိုများပြားလာနေသည်ဟု ကျောင်းဆရာဆရာမများနှင့် ကျောင်းသားမိဘ အသိုင်းအဝိုင်းက ပြောဆိုမှုအရ သိရသည်။

မြို့နယ်အတွင်းရှိ အလယ်တန်းနှင့်အထက်တန်း ကျောင်းသားကျောင်းသူအများစုသည် ကျောင်းပညာရေးထက် လုပ်ခနှုန်းထားမြင့်မြင့်ရရှိသည့် ရွှေတူးဖော်မှုလုပ်ငန်းခွင် (ရွှေမျှော) များကို သွားရောက်လုပ်ကိုင်ရန် ဆန္ဒရှိနေ တာကြောင့် ပညာရေးကို စွန့်ခွာကြခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ကျောင်းတွေလဲ သိပ်မနေချင်ကြတော့ဘူး၊ ကလေးတွေကိုတောင် တစ်လ ၅ သိန်းပေးနေတော့၊ ရွှေမျှောအလုပ် က နေချင်သလိုနေရတယ်။ ကျောင်းပညာရေး သိပ်စိတ်မဝင်စားကြတော့ဘူး။ လူကောင်က ကြီးလာပြီ ကျောင်းက မနေရဆိုတော့ ရွှေမျှောထဲပဲသွားကုန်ကြပြီ” ဟု အဆိုပါဒေသခံက ဆိုသည်။

ရွှေမှော်လုပ်ငန်းခွင်သည် ပင်လည်ဘူးမြို့နယ်တွင်သာမက အိုးမြေကုန်းရွာ၊ မိကျောင်းအင်းရွာ၊ မြို့မဘက်နှင့် ကျွန်းလှမြို့၊ သဖန်းဆိပ်ဘက်တို့တွင် လုပ်ကိုင်နေသည်ဟု ထိုဒေသခံက ဆက်ပြောသည်။

ပင်လည်ဘူးမြို့နယ်တွင် ၂၀၂၁ ခုနှစ်ကုန်စာရင်းအရ ကျောင်းသားကျောင်းသူ တစ်သောင်းနှစ်ထောင့်ငါးရာကျော် ရှိခဲ့သော်လည်း လက်ရှိတွင် ကျောင်းသားကျောင်းသူ သုံးထောင်ဝန်းကျင်ခန့်သာရှိကြောင်း ပင်လည်ဘူးမြို့ရှိ CDM ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

ပင်လည်ဘူးမြို့နယ်တွင် စာသင်ကျောင်းပေါင်း ၂၃၇ ကျောင်းရှိပြီး ၂၀၂၁ ခုနှစ်မှစတင်ပြီး မြို့နယ်အတွင်း တိုက်ပွဲများနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ နှစ်စကစ၍ မြို့ပေါ်တိုက်ပွဲများကြောင့် ကျောင်းများ ပိတ်ထားခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြို့နယ်အတွင်း စိုးမိုးထိန်းချုပ်သည့် ၂၀၂၂ ခုနှစ်ကစပြီး Online ကျောင်း တချို့နှင့် မြေပြင်စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းသားကျောင်းသူဦးရေ အနည်းငယ်သာ တက်ရောက်နိုင်ခဲ့ကြောင်း CDM ကျောင်းဆရာတစ်ဦးက ပြောသည်။

စာသင်ကျောင်းများ ပိတ်ထားရခြင်းကြောင့် ကလေးငယ်များ စာတတ်မြှောက်မှုနှုန်းများလည်း ကျဆင်းလာသလို မိခင်ဘာသာ တိုင်းရင်းဘာသာစကားများ တတ်မြောက်မှုသည်လည်း ကျဆင်းလာနေကြောင်း ပင်လည်ဘူး မြို့နယ် တောင်ပိုင်းတွင်နေထိုင်သည့် ဒေသခံတစ်ဦးက ထောက်ပြပြောဆိုသည်။

“ဒီမှာ ရှမ်းနီစာသင်ပေးတဲ့ ဆရာတွေလဲ သိပ်မရှိဘူး၊ အရင်လို မဟုတ်တော့ပါဘူး၊ မော်ဆွန် (ဆရာ/ဆရာမ) တွေလဲ သိပ်မရှိကြတော့ဘူး၊ ရှမ်းစာမဆိုထားနဲ့ မြန်မာစာသင်တဲ့ ဗမာဆရာတောင် မလုံလောက်ဘူး” ဟု ၎င်းက ဆိုသည်။

ပင်လည်ဘူးမြို့နယ်တွင် ပညာရေးကဏ္ဍ လည်ပတ်နိုင်ရန်အတွက် လက်ကျန် CDM ဆရာဆရာမများ ဦးစီးပြီး သင်ကြားပေးနေကြပြီး ဝန်ထမ်းမလုံလောက်မှုတို့ကြောင့် အခက်အခဲများစွာနှင့် ကြုံတွေ့နေကြရသည်ဟု ဆိုသည်။

လက်ရှိ၌ ပင်လည်ဘူးမြို့ကို NUG လက်အောက် PDF တပ်တို့နှင့် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်စိုးမိုးထားပြီး အုပ်ချုပ်ရေး၊ ပညာရေး၊ လုံခြုံရေး စသည့် ကဏ္ဍများကို အကောင်အထည်ဖော်လျက် ရှိနေသည်။

ရှမ်းနီအသံ ပေးပို့သည်။